သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန် အဓိကရုဏ်းကြောင့် ဝန်ကြီးချုပ် နားရက်က ပြန်လာရ


လန်ဒန် အဓိကရုဏ်းကြောင့် ဝန်ကြီးချုပ် နားရက်က ပြန်လာရ
လန်ဒန် အဓိကရုဏ်းကြောင့် ဝန်ကြီးချုပ် နားရက်က ပြန်လာရ

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ဟာ အီတလီမှာ သွားရောက်ပြီး အနားယူနေတာကို ဖြတ်တောက်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လန်ဒန်မြို့တော်ကို အလောတကြီး ပြန်လာခဲ့ရပါတယ်။

လန်ဒန်မြို့တော် ရပ်ကွက် တော်တော်များများမှာ အဆောက်အဦးတွေ၊ မော်တော်ယာဉ်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေ မီးတောက်လောင်နေပြီး လူငယ်တွေနဲ့ ရဲတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားနေတာဟာ ၃ ညဆက်တိုက် ရှိလာခဲ့ပါပြီ။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း လုယက်ခံရပြီး ရဲတွေလည်း လက်လုပ်ဗုံးတွေနဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။

အခုချိန်ထိတော့ လူပေါင်း ၂၁၅ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲအရာရှိ ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ယောက်ကတော့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတုန်းမှာပဲ ကားတွေနဲ့ တက်ကြိတ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး အခွင့်အရေးသမားတွေက လုပ်တဲ့ ဆန္ဒပြပွဲ ဖြစ်သလို ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဒုတိယဝန်ကြီးချုပ် နစ်ခ် ကလက်ဂ် (Nick Clegg) က ပြောပါတယ်။

လန်ဒန်မြို့ မြောက်ပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု မရှိတဲ့ အခြေအနေ၊ အလုပ်လက်မဲ့ဦးရေ များပြီး လူမှုဖူလုံရေး အစီအစဉ်တွေ လျှော့ချခံနေရတာတွေအပေါ် မကျေနပ်မှုတွေ ကြီးထွားနေတာကြောင့် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာလို့ လန်ဒန်မြို့ခံတွေက ပြောပါတယ်။

XS
SM
MD
LG