အမေရိကန်ကို တင်ပြမယ့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်အတွက် ပြင်သစ်၊ ယူကရိန်းတို့နဲ့ အတူ ဗြိတိန်နိုင်ငံက ပူးပေါင်းကြိုးပမ်းဖို့ သဘောတူလိုက်ကြောင်း ဝန်ကြီးချုပ် Keir Starmer က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတအိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံချိန်မှာ ရုရှားကျုးကျော်မှုကို ရင်ဆိုင်းနေရတဲ့ ယူကရိန်းအတွက် အမေရိကန်ရဲ့ အထောက်အပံတွေကို ကျေးဇူးတင်စကားပြောဖို့ ပျက်ကွက်တယ်ဆိုပြီး သမ္မတ Donald Trump က ပြင်းပြင်းထန်ထန် ပြောခဲ့ရာက အချေအတင်ဖြစ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး ဥရောပခေါင်းဆောင်တွေ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ်က စီစဉ်နေတာပါ။
ဗြိတိန်ဝန်ကြီးချုပ်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ပေါင်းကူးပေးဖို့ အဓိက အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့သလို၊ အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ကြား ပျက်ပြားခဲ့တဲ့ ဆွေးနွေးမှုတွေကို ပြန်လည်ညှိနှိုင်းနိုင်ဖို့ ပြင်သစ်သမ္မတနဲ့ပါ လက်တွဲဖို့ ရည်ရွယ်ထားပါတယ်။
တိုက်ပွဲတွေ ရပ်နိုင်အောင် ပြင်သစ်နိုင်ငံအပြင် တခြားနိုင်ငံတနိုင်ငံ၊ ၂ နိုင်ငံလောက်နဲ့အတူ ကြိုးပမ်းဖို့ သဘောတူထားပြီး၊ ထွက်ပေါ်လာတဲ့ အစီအစဉ်ကို အမေရိကန်နဲ့ ပြန်ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ၂ ဦးစလုံးကတော့ သမ္မတထရမ့်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့ကစ ဆက်သွယ်ပြောဆိုတာတွေ ရှိနေပါတယ်။
Forum