သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံ အစီရင်ခံစာ ဗြိတိန်ကြိုဆို


၃၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် (စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၈)
၃၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် (စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၈)

မြန်မာ စစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်စစ်ဆေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဗြိတိန်နိုင်ငံအနေနဲ့ အပြည့်အဝထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ကြောင်း ဗြိတိန် ထိပ်တန်းခေါင်းဆောင် တဦးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာ ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီညီလာခံကို တင်သွင်းမယ့် ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံအစီရင်ခံစာ မတိုင်ခင်မှာ သူက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

တနင်္လာနေ့က ဂျီနီဗာမှာ ကျင်းပတဲ့ ၃၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံကို တက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်လို့ ပြစ်ဒဏ် ချမှတ်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဆက်မပြတ် အာရုံစိုက် လုပ်ဆောင်ဖို့ သူ့ရဲ့ မိန့်ခွန်းမှာအဓိက တိုက်တွန်းသွားပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မှာ လူ့အခွင့်အရေးကောင်စီ ညီလာခံကို တင်သွင်းမယ့် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာမျက်နှာ ၄၀၀ ပါ အစီရင်ခံစာ နဲ့ ပတ်သက်လို့လည်းဝန်ကြီး Lord Ahmad က အခုလိုပြောသွားပါတယ်။

“ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ရဲ့အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် ဖိနှိပ်ညှမ်းပမ်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို ခိုင်မာယုံကြည်ရတဲ့ အထောက်အထားတွေနဲ့ ဖေါ်ပြထားပါတယ်။ သတ်ဖြတ်မှုနဲ့ အတင်းအဓမ္မပြုကျင့်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေဟာ အစီရင်ခံစာဖတ်သူတွေအတွက် တကယ့်ကို တုန်လှုပ်စရာကောင်းပါတယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ်နှစ်ပေါင်းများစွာ ဆိုးရွားလှပြီးတော့ စနစ်တကျ ဖိနှိပ်မှုတွေရှိခဲ့တယ်ဆိုတာ ဒီအစီရင်ခံစာကနေ သက်သေပြနေပါတယ်။ ဒါအပြင် တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ချိုးဖောက်မှုတွေကိုလည်း မီးမှောင် ထိုးပြနေပါတယ်။”

ဒါအပြင် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အရေးကြီးကြောင်းလည်း သူက အခုလို ပြောပါတယ်။

“ပြစ်မှုကျူးလွန်သူတွေက သူတို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် တရားမျှတမှု ရကို ရရှိရမှာဖြစ်ပါတယ်။ ဒီလို အပြစ်ကျူးလွန်မှုတွေ အတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် မပေးနိုင်ပါဘူး။”

မြန်မာအစိုးရအနေနဲ့ ဒီကျူးလွန်မှုတွေကို သူရဲ့ စုံစမ်းရေးကော်မရှင်က ဘယ်လို သမာသမတ်ကျကျ စုံစမ်းစစ်ဆေးမလဲ၊ နောက် ဒီလို တာဝန်ရှိမှုအတွက် တရားစီရင်မှုကနေတဆင့် တာဝန်ခံမှုရှိလာဖို့ ဘယ်လို့ ဆောင်ရွက်မလဲ ဆိုတာ မဖြစ်မနေ စီစဉ်ရမှာ ဖြစ်တယ်လို့ Lord Ahmad ကပြောပါတယ်။ ဒါအပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က အကြံပြု ထောက်ပြထားတွေကို လူ့အခွင့်အရေးကောင်စီသာမက လုံခြုံရေးကောင်စီကပါ ဦးစားပေးဆောင်ရွက်သင့်ကြောင်း သူက အခုလို တိုက်တွန်းသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့အပေါ် မြန်မာစစ်ဖက် အဆင့်မြင့်ခေါင်းဆောင်တွေမှာ ဘယ်လောက်တာဝန်ရှိသလဲဆိုတာ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။ အသေးစိတ်ပြီး ကျယ်ပြန့် ပြည့်စုံတဲ့အစီရင်ခံစာအတွက် ဗြိတိန်အနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ချီးကျူး အသိအမှတ်ပြုပါတယ်။ လူ့အခွင့်အရေး ကောင်စီရှေ့မှောက် တင်သွင်းတဲ့ အစီရင်ခံစာတွေထဲ ဒီတွေ့ရှိချက်တွေဟာ အလွန်ကို ဆိုးရွားပြင်းထန်လှပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးကောင်စီမှာရော၊ လူခြုံရေးကောင်စီမှာပါ သူတို့ရဲ့ အစီရင်ခံတင်ပြချက်တွေကို အပြည့်အ၀ အာရုံစိုက် ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအရေးကို ဦးစားပေးဆောင်ရွက်နေသလို နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကိုယ်တိုင် မကြာခင် မြန်မာနိုင်ငံကို သွားဖို့ရှိကြောင်း Lord Ahmad က လူ့အခွင့်အရေး ကောင်စီညီလာခံမှာ အခုလိုပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ဆန္ဒအလျောက် လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ အပြင် နိုင်ငံတကာ ကြီးကြပ်မှုအောက်မှာ မြန်မာနိုင်ငံကို ပြန်နိုင်ရေး ဗြိတိန်နိုင်ငံက ဆက်လက် အလေးပေးဆောင်ရွက်မှာပါ။ ဒါအပြင် မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုလည်း ဗြိတိန်အနေနဲ့ ဆက်လက် ထောက်ခံအားပေးသွားမှာပါ။ တချိန်တည်းမှာပဲ လွတ်လပ်မှု၊ သည်းခံမှု၊ မတူကွဲပြားမှုကို မြှင့်တင်ပေးမှာဖြစ်သလို မြန်မာနိုင်ငံနဲ့ သူရဲ့ပြည်သူတွေအားလုံးအတွက် ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ကို ဦးတည်တဲ့လမ်းကို ဆက်လက် ထောက်ခံသွားမှာဖြစ်ပါတယ်။ ဒီအချက်ဟာ ဗြိတိန်အစိုးရအတွက် အဓိက ဦးစားပေးအဖြစ် ဆက်ပြီးရှိနေသလို တိုးတက်မှု အရှိန်အဟုန်ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်းမြန်မာနိုင်ငံကို မကြာခင်သွားဖို့ရှိပါတယ်။”

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက်ခံရမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ သြဂုတ်လ (၂၅)ရက်နေ့က လွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ပမာဏအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်ဖက်အကြီးအကဲ (၆)ဦးကို နိုင်ငံတကာဥပဒေတွေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူဖို့ တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေနဲ့ ပြည်တွင်းအခြေအနေအရ ဒီ စစ်ခေါင်းဆောင်တွေဟာ ကျူးလွန်မှုတွေအပေါ် ကင်းလွတ်ခွင့်ရနေတာကြောင့်၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ဒါမှမဟုတ် နိုင်ငံတကာခုံရုံးတခု သီးခြားဖွဲ့ပြီး စုံစမ်းအရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြုထားပါတယ်။ လွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌအဖြစ် အင်ဒိုနီးရှား အစိုးရရှေ့နေချုပ်ဟောင်း Marzuki Darusman၊ သြစတြေးလျနိုင်ငံက နိုင်ငံတကာလူ့အခွင့်အရေး အတိုင်ပင်ခံ Chris Sidoti နဲ့ လက်ထောက် ကုလအတွင်းရေးမှူးချုပ် သီရိလင်္ကာ Radhika Coomaraswarmy တို့ သုံးဦး ပါဝင်ပါတယ်။သူတို့ သုံးဦးရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အသစ် Michelle Bachelet ကလည်း ထောက်ခံ ကြိုဆိုထားပါတယ်။

စက်တင်ဘာလ ၁၈ ရက် ဒီကနေ့မှာ အစီရင်ခံစာအပြည့်အစုံကို လူ့အခွင့်အရေးညီလာခံမှာ သူတို့ သုံးဦး တင်သွင်းမှာဖြစ်ပြီး ၁၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ ဂျီနီဗာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG