သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဗြိတိန်လွှတ်တော်မှာ ဆွေးနွေး


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt ဗြိတိန် အထက်လွှတ်တော်မှာ မြန်မာ့အရေး တင်ပြနေစဉ် (စက်တင်ဘာလ ၄၊ ၂၀၁၈)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt ဗြိတိန် အထက်လွှတ်တော်မှာ မြန်မာ့အရေး တင်ပြနေစဉ် (စက်တင်ဘာလ ၄၊ ၂၀၁၈)

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ စက်တင်ဘာလအကုန်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး အဆင့်မြင့် သီးသန်အထူး့ဆွေးနွေးပွဲကို တာဝန်ယူပြုလုပ်ဖို့ ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt က မနေ့ အင်္ဂါနေ့ ဗြိတိန်အထက်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မကြာခင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာစစ်တပ်ခေါင်းဆောင်တွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဗြိတိန်အထက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တင်ပြခဲ့တဲ့ အချက်တွေကို မအင်ကြင်းနိုင်က ကောက်နုတ် ပြောပြမှာပါ။

စက်တင်ဘာလ ၄ ရက်နေ့က ဗြိတိန် အထက်လွှတ်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt ကို မြန်မာ့အရေးနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေက ဝိုင်းဝန်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ အထူးသဖြင့် သြဂုတ်လ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ သူရဲ့သဘောထားကို လွှတ်တော်အမတ်တွေက မေးမြန်းရာမှာ ဝန်ကြီး Jeremy Hunt က အခုလို တုန့်ပြန်ဖြေဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေဟာ တကယ့်ကို စိုးရိမ်ဖွယ်ရာအဖြစ် ဆက်လက်ရှိနေပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ကို့war crime စစ်ရာဇဝတ်ကျူးလွန်မှု၊ crimes against humanity လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုနဲ့ genocide လူမျိုးတုန်းသတ်ဖြတ်မှု တွေအတွက့် တရားစွဲဆိုဖို့ ဖေါ်ပြထားပါတယ်။ အဲဒီလို ပြင်းထန်လှတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရတဲ့ ဘယ်နိုင်ငံမျိုးမဆို ကိုယ်ကိုကိုယ် လူသားဆန်တဲ့ အကြင်နာတရား စိတ်ရှိတယ်လို သတ်မှတ်လို့မရပါဘူး။"

ဒါအပြင် ethnic cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုကို ဘယ်လိုပုံစံနဲ့ မဆို ကျူးလွန်တဲ့ဖြစ်ရပ်အတွက် ပြစ်ဒဏ်ကနေ ဘယ်တော့မှ ကင်းလွတ်ခွင့် မပေးသင့်ကြောင်း နဲ့ အပြစ်ကျူးလွန်သူတွေကို မဖြစ်မနေ တရားရုံးတင် စစ်ဆေးရမှာဖြစ်တယ်လို့ Jeremy Hunt က ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဗြိတိန်လွှတ်တော်အမတ်တွေက ဆွေးနွေးပွဲမှာ ဝေဖန်ထောက်ပြခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဝန်ကြီး Hunt က အခုလို ဖြေကြားခဲ့ပါတယ်။

“ ဗြိတိန်နိုင်ငံဟာ penholder အဖြစ် အထူးတာဝန်ရှိတဲ့ နိုင်ငံအနေနဲ့ ဒီလကုန် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပ မြန်မာ့အရေး သီးသန့် အဆင့်မြင့် ဆွေးနွေးပွဲကို တာဝန်ယူကျင်းပဖို့ ကျနော် စီစဉ်ထားပါတယ်။ ဒါပေမယ်လို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးပို့ရေးဖြစ်လာဖို့ကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေပါတယ်။ အခုအချိန်မှာ ICC ကိစ္စကို လုံခြုံရေးကောင်စီမှာ အများသဘောတူညီချက်ရဖို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။”

ဗြိတိန်နိုင်ငံအနေနဲ့ကတော့ ပြစ်မှုကျူးလွန်သူတွေ တရားရုံးတင်ဖို့ သေချာအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကပြောပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ဒေါ်လာ ၁၂၉ သန်း ကူညီပံ့ပိုးပေးခဲ့ကြောင်းနဲ့ အဲဒီအထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသမီးပေါင်း ၂,၀၀၀ အတွက်လည်း ပါဝင်တယ်လို့ ဝန်ကြီး Hunt ကဆိုပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဆက်ဆံသင့်သလား၊ စေ့စပ်ညှိုနှိုင်းတဲ့ နည်းလမ်းနဲ့ ဆက်ဆံသင့်သလားဆိုတဲ့ လွှတ်တော်အမတ်တဦးရဲ့ မေးခွန်းကိုတော့ သူက အခုလို ဖြေကြားခဲ့ပါတယ်။

“မြန်မာအစိုးရနဲ့ ဆက်ဆံရေး နည်းလမ်းမှန်သမျှ အရေးကြီးပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာ သူတို့ နားလည်ထားပါတယ်။ ဗြိတိန်အပါအဝင် ဥရောပသမဂ္ဂကနေ လွန်ခဲ့တဲ့ လအနည်းငယ်က မြန်မာစစ်တပ်က တာဝန်ရှိသူ (၇)ဦးကို တဦးချင်း ပစ်မှတ်ထား ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ ဒီထက်မက ပိုပြီး အရေးယူလုပ်ဆောင်သင့်တာတွေ လိုအပ်နေပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt ဗြိတိန် အထက်လွှတ်တော်မှာ မြန်မာ့အရေး တင်ပြနေစဉ် (စက်တင်ဘာလ ၄၊ ၂၀၁၈)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt ဗြိတိန် အထက်လွှတ်တော်မှာ မြန်မာ့အရေး တင်ပြနေစဉ် (စက်တင်ဘာလ ၄၊ ၂၀၁၈)

တနင်္လာနေ့က ထောင်ဒဏ် (၇)နှစ် စီချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကျော်စိုးဦး တို့အခြေအနေကိုလည်း ဗြိတိန်အစိုးရအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဒီကိစ္စကို မြန်မာအာဏာပိုင်တွေနဲ့ သီးခြားဆွေးနွေးမှာဖြစ်ကြောင်း ဝန်ကြီး Hunt ကပြောပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို ICC ခုံရုံးတင်ရေး ကုလသမဂ္ဂမှာ ညွန့်ပေါင်း မဟာမိတ်တည်ဆောက်ပြီး ဆောင်ရွက်ဖို့ အခြေအနေ ရှိမရှိ လွှတ်တော်အမတ်တဦးက မေးမြန်းရာမှာ-

“ ရိုဟင်ဂျာ အကျပ်အတည်းမှာ ဦးစားပေးဆောင်ရွက်ရမယ့် အဆင့် နှစ်ဆင့်ရှိတယ်လို့ ကျနော်မြင်ပါတယ်။ လူသားချင်းဆိုင်ရာ ကပ်ဘေးဒုက္ခ ဖြေရှင်းဖို့ နဲ့ တရားမျှတမှုအတွက်ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ပထမအချက်အတွက် ဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံနဲ့ ပြန်နိုင်ရေးဖြစ်တယ်။ ဒီအတွက် ပြဿနာသိပ်မရှိဘူးဆိုပေမယ့် နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဖြစ်တဲ့အတွက် သိပ်ကို အရေးကြီးပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ ပြစ်မှုကျူးလွန်သူတွေ တရားဥပဒေကို ရင်ဆိုင်ရမယ်ဆိုတာ သေချာအောင်လုပ်ရမှာပါ။ ဒါပေမဲ့လည်း ဒီလိုဖြစ်လာဖို့ ခက်ခဲတဲ့ ခရီးရှည်ကြီး သွားရမှာဖြစ်ပါတယ်။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင် သူတင်ပြမယ့်အချက်တွေကိုလည်း အထက်လွှတ်တော်မှာ ဝန်ကြီး Hunt က အခုလိုပြောပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ကျနော်မျှော်လင့်ထားပါတယ်။ သူ့အနေနဲ့ စံပြုထိုက်အောင် မလုပ်နိုင်ခဲ့တဲ့အပေါ် ဗြိတိန် အစိုးရနဲ့ အထက်လွှတ်တော်က စိတ်ပျက်မှုတွေနဲ့ပတ်သက်လို့ သူကို အသေအချာ ပြောပြမှာပါ။ ကျနော်တို့ အတော်များများကို သူ့ကို နှစ်ပေါင်းများစွာ လေးစားခဲ့ကြတာပါ။ သူ့အနေနဲ့ ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။ အဓိကအရေးကြီးတဲ့အချက်က သူ့အနေနဲ့ မြန်မာ မျိုးချစ်ဝါဒီတွေရဲ့ လမ်းကို လိုက်မလား၊ ဒါမှမဟုတ် နိုင်ငံသားအားလုံးကို စံချိန်စံနှုန်းနဲ့အညီ အရေးတယူ ဆက်ဆံဖို့ အခွင့်အလမ်းရှိတာကို အသိအမှတ်ပြုမလား ဆိုတာ ရွေးချယ်ရမှာဖြစ်ပါတယ်။”

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ နှစ်နိုင်ငံချင်းဆက်ဆံရေးအရရော၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာရော ကြိုးစားလုပ်ဆောင်သွားမယ့်အချက်တွေကို ဝန်ကြီး Hunt က အခုလို ပြောသွားပါတယ်။

“ကျနော် မြန်မာနိုင်ငံကိုသွားတဲ့အခါမှာ စစ်တပ်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့နဲ့ လက်တွေ့အခြေအနေမှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ်တိုင်သွားကြည့်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာနဲ့ ညှိုနှိုင်း ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စမှာတော့ ICC ခုံရုံးတင်မတင် ကိစ္စမှာ မေးခွန်းထုတ်စရာရှိနေပါတယ်။ ဒါဟာ လုံခြုံရေးကောင်စီမှာ အများသဘောတူညီချက်ရမှာသာ ဖြစ်လာမယ့် ကိစ္စဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအရ သီးခြားဆောင်ရွက်နေတာရော၊ အကူအညီပေးနေသူတွေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာရော အလုပ်တွေအများကြီး လုပ်ရမှာဖြစ်ပါတယ်။”

အင်္ဂါနေ့က ဗြိတိန်အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် Jeremy Hunt က ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG