အိန္ဒိယနဲ့ ဗြိတိန် ၂ နိုင်ငံကြား ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံကြဖို့ ဗြိတိသျှ ၀န်ကြီးချုပ်က တိုက်တွန်းသွားတဲ့ အချိန်မှာပဲ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီမှုတွေကို ရရှိခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) ဟာ ကုန်သွယ်ရေး အဖွဲ့တခုကို ဦးဆောင်ပြီး အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာပါ။
၂ နိုင်ငံကြား ဆက်ဆံရေးကနေ စီးပွားရေး တိုးတက်မှုတွေ ရရှိဖို့နဲ့ အလုပ်လက်မဲ့နှုန်းမှာတော့ လျော့ကျအောင် လုပ်ဆောင်လိုတယ်လို့ ဘင်္ဂလိုပြည်နယ်က နည်းပညာလုပ်ငန်း တခုကို ရောက်ရှိစဉ်မှာ ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
ဒီခရီးစဉ် အတွင်းမှာပဲ ဗြိတိန်နိုင်ငံက ကာကွယ်ရေး ကုမ္ပဏီ BAE နဲ့ ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိတဲ့ HAWK အမျိုးအစား ဂျက်တိုက်လေယာဉ် ၅၇ စင်း ၀ယ်ယူဖို့ အိန္ဒိယနိုင်ငံက သဘောတူညီချက် ရရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါလာတဲ့ ဗြိတိသျှ စီးပွားရေး အတွင်းဝန် ဗင့်စ် ကေဘယ်လ် (Vince Cable) ကလည်း အိန္ဒိယနိုင်ငံအတွက် အရပ်ဘက်သုံး နျူကလီးယား နည်းပညာတွေကို ဗြိတိန် ကုမ္ပဏီတွေက တင်ပို့ခွင့်ပြုမှာ ဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယရဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်းကိုလည်း ပြောဆိုလိုက်တာပါ။ ပါကစ္စတန်အနေနဲ့ အိန္ဒိယနိုင်ငံထဲကို အကြမ်းဖက်မှုတွေ အာဖဂန်နိုင်ငံကပဲ ဖြစ်ဖြစ်၊ တခြားကပဲဖြစ်ဖြစ် တင်သွင်းခွင့် မပြုသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။