သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယ ဝန်ကြီးကို မြန်မာ့အရေး တွန်းအားပေး


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးမှာ လိုက်ပါသွားခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟေ့ဂ် (William Hague) ဟာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားခဲ့တယ်လို့ ဝါရှင်တန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံး သံအရာရှိက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံကနေ အကြမ်းဖက်လုပ်ငန်းတွေကို တင်ပို့နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်စကားကို အိန္ဒိခရီးစဉ်အတွင်း ဗြိတိသျှ ဝန်ကြီးချုပ်က ပြန်လည် ဖြေရှင်းခဲ့ရပါတယ်။ အခုကိစ္စတွေနဲ့ ပတ်သက်လို့ သူ အရိုးရှင်းဆုံး ပြောဆိုခဲ့တာလို့ ယုံကြည်တဲ့အကြောင်း ကြာသပတေးနေ့က နယူးဒေလီမြို့မှာ မစ္စတာ ကမ်မရွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာ ကမ်မရွန်းရဲ့ မှတ်ချက်စကားကြောင့် ပါကစ္စတန်တွေ စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အက်ဘ်ဒူလ် ဘာဆစ် (Abdul Basit) က ဆိုပါတယ်။ ဒါပေမဲ့ ပါကစ္စတန် နိုင်ငံထဲမှာ အကြမ်းဖက်အဖွဲ့ လှုပ်ရှားနေကြတယ် ဆိုတာကို ပါကစ္စတန် အစိုးရကလည်း အသိအမှတ် ပြုထားပြီးသား ဖြစ်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေကို နှိမ်နင်းဖို့ ပါကစ္စတန် အနေနဲ့ အခုထက်ပိုပြီး လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) ကလည်း အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကို ပါကစ္စတန် အစိုးရက ခွင့်မပြုဖို့ သူ မျှော်လင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဆွေးနွေးမှုတွေ အပြီးမှာတော့ နှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တဲ့အပေါ် ခေါင်းဆောင်တွေက ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

ဒီခရီးစဉ်အတွင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟေ့ဂ်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့လည်း သီးခြား တွေ့ဆုံခဲ့ကြပြီးတော့ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားခဲ့တယ်လို့ ဝါရှင်တန်မြို့ ဗြိတိသျှသံရုံး သံအရာရှိက ဗွီအိုအေကို အတည်ပြုပြောခဲ့ပါတယ်။

XS
SM
MD
LG