ဗြိတိန်နိုင်ငံတဝန်း အစိုးရ ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဆန္ဒပြဖို့ စီစဉ်နေတာကြောင့် ခရီးသွားတွေ နှောင့်နှေးနိုင်တယ်လို့ ဗြိတိန် လေဆိပ်တွေက ဒီနေ့ သတိပေးနေရပါတယ်။
ဟိသရိုး (Heathrow)၊ စတန်းစတပ်ဒ် (Stansted)၊ အဲဒင်ဘာ့ဂ် (Edinburgh)၊ ဂလပ်စ်ကို (Glasgow)၊ အဘာဒင်း (Aberdeen) နဲ့ ဆောက်သမ်တန် (Southampton) လေဆိပ်တွေမှာ ခရီးစဉ်တွေ နောက်ကျဖို့ ရှိတယ်လို့ ဒီနေ့ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။
အစိုးရ ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၇၀၀,၀၀၀ နီးပါးဟာ အငြိမ်းစားလစာငွေ အငြင်းပွားမှု ပြဿနာကြောင့် အလုပ်မလုပ်ဘဲ သပိတ်မှောက်ကြမှာ ဖြစ်ပါတယ်။
အလုပ်သမား သမဂ္ဂကြီး ၄ ခုကနေ ဇွန်လ ၃၀ ရက်နေ့ ကြာသပတေးနေ့မှာ သပိတ်မှောက်ဖို့အတွက် ဆော်သြပြီး မဲခွဲခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က အလုပ်သမားတွေ သပိတ်မမှောက်ဖို့အတွက် မနေ့က မေတ္တာရပ်ခံ ဆွဲဆောင်ခဲ့ပါတယ်။