ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ စနေညပိုင်းက အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့လို့ ဗြိတိသျှ ရဲအရာရှိ တော်တော်များများ ဒဏ်ရာရသွားကြပြီး လူတချို့ အဖမ်းခံခဲ့ရပါတယ်။
ကြာသပတေးနေ့က ရဲရဲ့ ပစ်ခတ်မှုနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာက အစောပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ပါလာတာပါ။
ရဲက ပြန်မထိန်းချုပ်နိုင်ခင် အဆောက်အအုံတွေ တော်တော်များများ၊ ကားတွေနဲ့ ၂ ထပ် ဘတ်စ်ကားတစင်း မီးရှို့ခံရပါတယ်။ လူရာကျော်ဟာလည်း ဈေးဆိုင်တွေကို ချိုးဖောက် ဝင်ရောက်ပြီး ပစ္စည်းတွေကို လုယက်ကာ ယူသွားတဲ့ ပစ္စည်းတွေကို ဈေးဝယ်တွန်းလှည်းတွေပေါ် တင်ပြီး ထွက်ပြေးကြပါတယ်။
တနင်္ဂနွေ ညပိုင်းမှာတော့ ပြဿနာတွေ ထပ်ဖြစ်လာမှာ စိုးရိမ်ပြီး ရဲတွေ ကင်းလှည့်နေပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီနှစ်ပိုင်းတွေအတွင်း လန်ဒန်မှာ အခြေအနေအဆိုးဆုံး အဓိကရုဏ်း ဖြစ်ပါတယ်။