သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ထောက်ပံ့ကြေး ပိုသုံးဖို့ UK ပါလီမန် တိုက်တွန်း


DFID ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန
DFID ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန
မြန်မာနိုင်ငံကို ပေးနေတဲ့ ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးသွားဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန (DFID) ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ဆိုင်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တဲ့ ဒီကနေ့မှာပဲ အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ Malcolm Bruce က အခုလို တိုက်တွန်းလိုက်တာပါ။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွင်း မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ သိသိသာသာ ရှိခဲ့ပြီး ဒီ ပြောင်းလဲမှုတွေကို အားပေးကူညီတဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ လွှတ်တော်စနစ် ခိုင်မာအားကောင်းလာရေး တို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ပေါင် သန်း ၄၀ တိုးမြင့်ပေးသွားဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်တာပါ။ လက်ရှိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အတွက် ဗြိတိန်နိုင်ငံက ပေးနေတဲ့ ပေါင် သန်း ၆၀ ကနေ သန်း ၁၀၀ အထိ တိုးမြင့်ပေးဖို့ဖြစ်ပါတယ်။

အခုချိန်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို အားပေးကူညီဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံတကာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ Malcolm Bruce က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်အောင်၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာအောင်နဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ လူမှုအဖွဲ့အစည်း တရပ် တည်ဆောက်သွားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ အစိုးရတွင်း ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို ဗြိတိန်အစိုးရက အားပေးကူညီနေတာ ဖြစ်ပါတဲ့အတိုင်း၊ သူ့အနေနဲ့ ဒါကို ထောက်ခံသလို၊ အကူအညီတွေကို ပေးတဲ့နေရာမှာ သံသယစိတ် လွန်ကဲလွန်းရင်လည်း တိုးတက်မှုတွေကို ထိခိုက်နိုင်တယ်လို့ မစ္စတာ Bruce က ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ခန့်မှန်းရခက်သလို၊ အပေးအယူ မမျှတာတွေလည်း ရှိနိုင်ပါတဲ့အကြောင်း ဒါပေမဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ကူညီပေးပြီး၊ တခါမှမရှိခဲ့ဖူးတဲ့ အလားအလာကောင်းတွေ ဖန်တီးပေးနိုင်မယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ကူညီပေးခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီရာကျပါလိမ့်မယ်။ Burma Campaign UK အဖွဲ့လို့ ဝေဖန်သူ တချို့ကတော့ ပြုပြင်ပြောင်းလဲမှုတွေကို တကယ်တမ်း အလေးအနက်ထား လုပ်ဆောင်နေတာမဟုတ်တဲ့ မြန်မာအစိုးရကို ယုံလွယ်ပြီး လိုအပ်တာ
ထပ်ပို ချီးမြောက်တာတွေ မလုပ်သင့်ဘူးလို့ ပြောကြတာရှိပေမဲ့လို့ ဒီလိုမျိုး သံသယတွေ သိပ်လွန်ကဲပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေလို့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ပါတဲ့အကြောင်း မစ္စတာ Bruce က ပြောသွားပါတယ်။

"မြန်မာနိုင်ငံကို ပိုပြီး အားပေးကူညီဖို့ ဒီ ကော်မတီက အကြံပြုနေတာပါ။ ဦးသိန်းစိန်ကို ထောက်ခံရင် ထောက်ခံ၊ မထောက်ခံရင် တခြား ဘာမှလုပ်စရာမရှိဘူး ဆိုတာမျိုး သူတို့က မှားယွင်းစွာ ယူဆနေတာနေတာပါ။ မြန်မာပြည်သူတွေ အနေနဲ့ သူတို့ရဲ့အစိုးရကို သူတို့ကိုယ်တိုင် ယုံကြည်အားထားရတဲ့ အခြေအနေဖြစ်လာအောင် လူထုကို အားပေးကူညီတာမျိုး မဟုတ်တဲ့အတွက်တော့ ကျနော်တို့ စိတ်ပျက်မိပါတယ်။ ကော်မတီက အကြံပြုတဲ့ထဲမှာ ကောင်းတဲ့ အချက်တချို့တော့ ပါပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ကူညီဖို့၊ ဆင်းရဲနွမ်းပါးသူတွေကို ကူညီဖို့ ဆိုတာမျိုးပါ။ ဒါပေမဲ့ အတော်များများကတော့ အစိုးရ နဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးဖို့ကိစ္စက များပါတယ်။ ဟုတ်ပါတယ်။ အစိုးရနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ အားကောင်းအောင်လုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေ အားကောင်းလာတာဟာ ပြည်သူကို ကူညီဖို့ပဲ ဖြစ်ရပါမယ်။ အစိုးရကို ကူညီဖို့ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရင်တော့ အစိုးရအဖွဲ့အစည်းတွေဟာ ပြည်သူအကျိုးထက် အစိုးရအကျိုးကို လုပ်ခဲ့ကြတာများပါတယ်။"

လန်ဒန်မြို့ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign for UK အဖွဲ့က ညွှန့်ကြားရေးမှူး မာ့ခ်ဖာမနာ ပြောသွားတာပါ။

ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး လုပ်ငန်းများဌာန (DFID) ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို တင်ပြထားတဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်တွင်း သိသိသာသာ တိုးတက်လာခဲ့တဲ့အကြောင်းနဲ့၊ ဒီ တိုးတက်ပြောင်းလဲမှုတွေ ရှေ့ဆက်အားကောင်းလာအောင် ဗြိတိန်အစိုးရက တိုးမြင့်ကူညီသွားဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေသေးတယ်ဆိုတာကို အသိအမှတ်ပြုတဲ့တချိန်တည်းမှာ မြန်မာအစိုးရရဲ့ လိုအပ်ချက်တွေကို ထောက်ပြ ဝေဖန်မှုတွေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ရပ်တန့်မသွားအောင် အားပေး ကူညီသွားရမှာ ဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ပါဝင် အရွေးခံလို့မရအောင် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ဆက်ပြီး ဖိအားပေးသွားဖို့လည်း ဒီအစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG