သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး နောက်ပြန်ဆွဲ အခြေအနေ UK အစိုးရထုတ်ပြန်


ကိုးကန့်ဒေသ မြန်မာစစ်တပ်လှုပ်ရှားမှု။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)
ကိုးကန့်ဒေသ မြန်မာစစ်တပ်လှုပ်ရှားမှု။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)

မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိုးရိမ်စရာ ကောင်းလောက်အောင် နောက်ပြန်ဆွဲတဲ့ အခြေအနေတွေ တွေ့ရတဲ့ အကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံရေး အကျဉ်းသားတွေ ပိုများလာတာ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မီဒီယာအပေါ် ဖိနှိပ်မှုတွေဟာ စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်တွေ လို့လည်း ဖော်ပြထားတာပါ။

၂၀၁၄ နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခတွေ ဖြစ်ပွား တာကို တွေ့ခဲ့ရသလို၊ ဗြိတိသျှ အစိုးရအနေနဲ့ ရေရှည်ပြေလည်စေမယ့် အဖြေရှာဖို့ တနှစ်လုံး တိုက်တွန်းခဲ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ရရှိဖို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အကာအကွယ် ပေးနိုင်ဖို့ အာရုံစိုက် ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ စိုးရိမ်မကင်း ဖြစ်နေရတဲ့ ကိစ္စတွေကိုလည်း ဆက်လက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲဟာ လူ့အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်သလို၊ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပါအဝင် ဒီမိုကရေစီစနစ် အားကောင်းလာစေဖို့ ၅ နှစ်စာအတွက် ပေါင်ငွေ ၂၅ သန်း ကူညီဖို့ ရည်ရွယ်ထားတာပါ။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း လူသားချင်းစာနာမှု လုပ်ငန်းတွေအပါအဝင် ဖွံ့ဖြိုးရေး အကူအညီအဖြစ် ပေါင်ငွေ ၈၂ သန်း ကူညီဖို့ လျာထားတယ်လို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

XS
SM
MD
LG