သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာအတွက် မြန်မာကို ဗြိတိန်ဝန်ကြီးချုပ်နဲ့ အတိုက်အခံရှုတ်ချ


ဗြိတိန်ဝန်ကြီးချုပ် Theresa May
ဗြိတိန်ဝန်ကြီးချုပ် Theresa May

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်နိုင်ငံက ဝန်ကြီးချုပ် Theresa May ကရော အတိုက်အခံ လေဘာပါတီ ခေါင်းဆောင်ကပါ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

နယူးရောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက်အထွေထွေညီလာခံကြီးမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဗုဒ္ဓဟူးနေ့က ဗြိတိန်ဝန်ကြီးချုပ် Theresa May က မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွါးနေတဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် မြန်မာ အာဏာပိုင်တွေ ဘက်က တာဝန်ခံတာဝန်ယူမှု ရှိလာအောင် လုပ်ဆောင်ပေးဖို့ ပန်ကြားခဲ့ပါတယ်။

" မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံအပေါ် ထပ်တူ ယုံကြည်မှုထားတယ် ဆိုတာကို ကျမတို့ ပြသသင့်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး ရှမ်းနဲ့ ကချင်တွေ အပြင် ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က ဆိုးဝါးတဲ့ ရက်စက်မှုတွေ ထပ်တလဲလဲ လုပ်ဆောင်နေတာအတွက် တာဝန်ခံ တာဝန်ယူမှုတွေ ရှိလာစေဖို့ လုပ်ရမှာပါ။"

ဗြိတိသျှ အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn ကလည်း နိုင်ငံခြားမူဝါဒရေးရာနဲ့ ပတ်သက်ပြီး သူ့ပါတီကို ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းနေစဉ် စစ်တပ်က အကျဉ်းချတာ ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သွားခိုလှုံနေရသူ ရိုဟင်ဂျာ တသန်းနီးပါးအပေါ် ဆိုးဝါးတဲ့ရက်စက်မှုတွေ ကျူးလွန်တဲ့ စစ်တပ်နဲ့အတူ ရပ်တည်နေတဲ့အတွက် သူ့ကို အကျဉ်းက လွတ်မြောက်အောင်ကြိုးပမ်းပေးခဲ့သူ အများအပြားရဲ့ မျှော်လင့်ချက်တွေကို သစ္စာဖေါက်နေတယ်လို့ ဝေဖန်တာပါ။ ဒါ့အပြင် ဒီဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးနဲ့ သူတို့ဘဝရှင်သန်ရေးအတွက် လုပ်ဆောင်ပေးဖို့ပါ ဗြိတိန်နိုင်ငံ အတိုက်အခံ လေဘာပါတီခေါင်းဆောင်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG