သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ခရီးသွားသတိပေးချက် ဗြိတိန်ထုတ်ပြန်


မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားနိုင်တဲ့ အနေအထားရှိလို့ဆိုပြီး အဲ့ဒီဒေသတွေဆီ ခရီးမသွားကြဖို့ ဗြိတိသျှအစိုးရက အင်္ဂါနေ့ကပဲ သတိပေးချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်ကို မဖြစ်မနေကလွဲလို့ မသွားရောက်ကြဖို့ ဗြိတိသျှနိုင်ငံခြားရေးရုံးက သတိပေးထားတာ ဖြစ်ပါတယ်။ ဘယ်လို အနေအထေားမျိုးကြောင့် စိုးရိမ်တာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။

လူအုပ်စု ၂ စုကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ ဆိုးလာနိုင်တယ်လို့ ဗြိတိသျှအစိုးရက အဲဒီ သတိပေးချက်မှာ ပြောထားပါ တယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား သူပုန်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်ကိုလည်း မသွားကြဖို့ တားမြစ်ထားတာပါ။

ကချင်ဒေသမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားပြီ ဆိုပေမဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အန္တရာယ် ရှိသေးတယ်လို့လည်း ပြောထားပါတယ်။ အဲ့ဒီဒေသတွေအပြင် ပြီးခဲ့တဲ့လပိုင်းတွေက လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့တချို့ဆီလည်း မသွားဖို့ သတိပေးထားတာပါ။

၂၀၁၁ ခုနှစ်မှာတော့ ဗြိတိန်နိုင်ငံကနေ မြန်မာနိုင်ငံကို သွားလည်သူ (၇၀၀၀) ကျော်ရှိခဲ့ပြီး ဘာပြဿနာမှ သိပ်မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ လူအများအပြား စုဝေးမှုတွေ တွေ့ရင် ရှောင်ဖို့ စစ်သားတွေကို ဓာတ်ပုံ ဗွီဒီယို ရိုက်တာမျိုးတွေ သွားမလုပ်ဖို့လည်း ပြောထားပါတယ်။

စစ်တပ်က အင်အားသုံး ထိန်းချုပ်ခဲ့လို့ ကျောင်းသားနဲ့ ပြည်သူ ရာချီ သေဆုံး ခဲ့ရတဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့်တော့မယ့်အချိန်မှာပဲ အခုလို ဗြိတိသျှအစိုးရရဲ့ ခရီးသွား သတိပေးချက် ထွက်လာတာလည်း ဖြစ်ပါ တယ်။
XS
SM
MD
LG