သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဆူပူမှု တခြားမြို့တွေ ပျံ့နှံ့


ဗြိတိန်ဆူပူမှု တခြားမြို့တွေ ပျံ့နှံ့
ဗြိတိန်ဆူပူမှု တခြားမြို့တွေ ပျံ့နှံ့

လန်ဒန်မြို့မှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်းတွေဟာ ဒီနေ့နဲ့ပါဆို ၃ ရက် ကြာလာခဲ့ပါပြီ။ ကားတစီးထဲမှာ သေနတ်နဲ့ အပစ်ခံခဲ့ရသူ တဦးလည်း ဒဏ်ရာကြောင့် သေဆုံးသွားခဲ့လို့ ဒါဟာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းအတွင်း ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

အကြမ်းဖက် အဓိကရုဏ်းတွေဟာ လန်ဒန်မြို့ တခုတည်းတင် မကတော့ပဲ ဗြိတိန်နိုင်ငံက တခြားမြို့တွေမှာပါ ကူးဆက် ဖြစ်ပွားနေပါပြီ။

ဒီပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က လွှတ်တော်ကို ခေါ်ယူထားပါတယ်။ လမ်းမတွေပေါ်မှာလည်း ရဲအင်အားကို ၃ ဆနီးပါး တိုးပြီး ချထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ အီတလီနိုင်ငံ အပန်းဖြေခရီး ထွက်နေတာကနေ အစီအစဉ်ဖျက်ပြီး လန်ဒန်ကို ကမန်းကတန်း ပြန်လာခဲ့ရပါတယ်။

အခုဖြစ်နေတဲ့ အဓိကရုဏ်းတွေဟာ နှစ် တော်တော်များများအတွင်း ဗြိတိန်က မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေထဲမှာ အဆိုးဝါးဆုံးပါပဲ။

အဆောက်အဦးတွေ၊ မော်တော်ကားတွေ၊ ဘတ်စ်ကားဂိတ်တွေ မီးရှို့ခံခဲ့ရပြီး လန်ဒန်မြို့က နေရာ တော်တော်များများမှာ ရဲတွေနဲ့ လူငယ်တွေလည်း အပြန်အလှန် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကို ကြည့်ပြီး ဗြိတိန်ဝန်ကြီးချုပ်က တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေပဲလို့ ပြောပါတယ်။ လန်ဒန်မြို့မှာ ရဲအင်အား ၆,၀၀၀ ကနေ ၁၆,၀၀၀ အထိ ဒီကနေ့ တိုးမြှင့်ချထားမယ်လို့ ဝန်ကြီးချုပ် ကမ်မရွန်းက ပြောပါတယ်။

မနက်ဖြန်မှာ ကျင်းပမယ့် ဗြိတိန်နဲ့ နယ်သာလန် ကစားကြမယ့် ဘောလုံးပွဲစဉ်ကိုလည်း အမှတ်မထင် ဖျက်သိမ်းလိုက်ပါတယ်။

အကြမ်းဖက်မှုတွေဟာ ဘာမင်ဂန်၊ လီဗာပူးနဲ့ ဘရစ်စတို မြို့တွေမှာလည်း ဖြစ်ပွားနေပြီး အဲဒီမှာ မီးရှို့မှုတွေ၊ ပစ္စည်းလုယူမှုတွေလည်း ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့အပတ်က လန်ဒန်မြို့ တော်တန်ဟန် ရပ်ကွက်မှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် စီးပွားပျက်လို့ စိတ်ဖိစီးမှု ဖြစ်နေတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ရပြီးတဲ့ နောက်ပိုင်း အဓိကရုဏ်းတွေ စပြီး ဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG