သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေ ချားလ်စ်မင်းသား မော်တော်ယာဉ်ကို တိုက်ခိုက်


ဆန္ဒပြသူတဦးကို ရဲတပ်ဖွဲ့များ ဖမ်းဆီးလာစဉ်။ ဒီဇင်ဘာ ၉၊ ၂၀၁၀။

တက္ကသိုလ် ကျောင်းစရိတ်တွေ တိုးမြှင့်မယ့် အစီအစဉ်ကို ကန့်ကွက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်မှာ ကြာသပတေးနေ့က ဒေါသတကြီး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို မြင်းစီး ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။

အစိုးရရဲ့ ချွေတာရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ် ကျောင်းစရိတ်တွေကို တိုးမြှင့်မယ့် အချေအတင် ဖြစ်စရာ ဥပဒေမူကြမ်း တရပ်ကိုတော့ ဥပဒေပြု အမတ်တွေက လွှတ်တော်ထဲမှာ ထောက်ခံမဲတွေ ပေးခဲ့ကြပါတယ်။

အစိုးရ တာဝန်ရှိသူတွေကတော့ ကျောင်းစရိတ်တွေ ၃ ဆအထိ တိုးမြှင့်သွားမယ့် အစီအစဉ်ဟာ တက္ကသိုလ်ကျောင်းတွေရဲ့ ပညာရေး အဆင့်အတန်း မြင့်မားဖို့အတွက် လိုအပ်ချက် ဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။

ဆန္ဒပြသူတွေက လန်ဒန်မြို့မှာရှိတဲ့ လွှတ်တော်ရှေ့က အတားအဆီးတွေကို အတင်း တိုးတိုက်ကြတဲ့အတွက် လုံထိန်းရဲတွေက နံပါတ်တုတ်တွေ အသုံးပြုပြီး ကျောင်းသားတချို့ကို ရှင်းလင်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ကျောင်းသားတွေကတော့ ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်၊ ရဲတွေ စီးနင်းလာတဲ့ မြင်းတွေရဲ့ ရှေ့မှာ မီးခိုးဗုံးတွေ ရှို့ခဲ့ကြပါတယ်။

ရုပ်မြင်သံကြားမှာ ပြသနေတဲ့ သတင်းတွေထဲမှာတော့ အနည်းဆုံး ဆန္ဒပြသူ တယောက်ကို လက်ထိပ်ခတ် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ဝင်တယောက် မြေပေါ်မှာ လဲကျနေတာကိုလည်း တွေ့ရပါတယ်။

အမေရိကန် ဒေါ်လာ ၁၄,၀၀၀ လောက်အထိ ပိုများလာမယ့် ကျောင်းစရိတ် တိုးမြှင့်မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြမှုတွေအနက် ဒါဟာ နောက်ဆုံးတွေ့ရတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG