သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် တိုက်ခိုက်မယ့် သတိပေးအဆင့် ဗြိတိန် တိုးမြှင့်


ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် ပြတိုက်တခုအနီး လုံခြုံရေးယူနေသည့် ပြင်သစ်စစ်သားတဦး။ အောက်တိုဘာ ၃၊ ၂၀၁၀။

ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် စိုးရိမ်အဆင့်မှာ ရှိတယ်လို့ အဲဒီနိုင်ငံတွေ ရောက်နေကြတဲ့ ဗြိတိန်နိုင်ငံသားတွေကို အစိုးရက သတိပေးလိုက်ပါတယ်။

ဥရောပမှာ အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့ အလားအလာ ရှိတဲ့အတွက် သတိထားကြဖို့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက သတိပေးချက် ထုတ်ပြန်ပြီး နာရီပိုင်း အကြာမှာပဲ ဗြိတိန်ကလည်း အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကို ဗြိတိန် နိုင်ငံခြားရေးဌာနက အရင်က သတ်မှတ်ထားတဲ့ ပုံမှန်အဆင့်ကနေ စိုးရိမ်အဆင့်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ နိုင်ငံခြား ခရီးသွားတွေ အသွားအလာများတဲ့ နေရာတွေ ဘယ်မှာမဆို ဖြစ်နိုင်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ သူနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေက ဥရောပမှာ အကြမ်းဖက် တိုက်ခိုက်နိုင်ခြေ ရှိနေတဲ့အတွက် အမေရိကန်တွေကို သတိထားကြဖို့ အမေရိကန် အစိုးရက တနင်္ဂနွေနေ့ အစောပိုင်းက သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်နိုင်ငံတွေမှာ တိုက်ခိုက်မှု ဖြစ်နိုင်တယ် ဆိုတာမျိုးတော့ သီးခြား ခွဲပြောတာ မရှိပါဘူး။ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံက အဓိက မြို့ကြီးတွေမှာ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေက အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ဒီရက်ပိုင်းအတွင်းမှာပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG