သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတပ်တွေ Crimea က ရုပ်သိမ်းတော့မည်


ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်မှာ အင်အားမမျှဖြစ်နေတဲ့ တပ်ဖွဲ့တွေ အားလုံးကို ရွှေ့ပြောင်းကယ်ထုတ်ဖို့ အစီအစဉ် ဆွဲထားပြီးပြီလို့ ယူကရိန်းနိုင်ငံ က ပြောလိုက်ပါတယ်။

လက်နက် အခိုင်အမာ တပ်ဆင်ထားတဲ့ ရုရှားလိုလားသူ လက်နက်ကိုင်တွေက Crimea အဓိက စစ်အခြေစိုက် စခန်းတစ်ခုကို သိမ်းထားတာနဲ့အမျှ ဗုဒ္ဓဟူးနေ့က အဲဒီကြေညာချက်ဟာ စစ်ဘက်ရဲ့ အဲဒီ ဒေသထိန်းချုပ်မှုကို လုံး၀ စွန့်လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ကျွန်းဆွယ်ဒေသကို စစ်မဲ့ဇုန်အဖြစ် ပြောင်းလဲရေး ကုလသမဂ္ဂရဲ့ ထောက်ခံမှု ရအောင် ကြိုးပမ်းသွားမယ်လို့ ယူကရိန်း အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး
ကောင်စီ အကြီးအကဲ Andriy Parubiy က တပ်ရုပ်သိမ်းမယ့်ကိစ္စ ကြေညာရင်း
ပြောသွားပါတယ်။

မိမိတို့ရဲ့ မဟာမိတ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ လုပ်သွားဖို့ ယူကရိန်းက စီစဉ်နေတယ်လို့ သူကပြောခဲ့ပေမဲ့ ရှင်းရှင်းလင်းလင်းတော့ ပြောမသွားပါဘူး။

Crimea ဆိပ်ကမ်းမြို့ Sevastopol က ယူကရိန်း ရေတပ်ဌာနချုပ်ကို ရုရှားလိုလားတဲ့ လက်နက်ကိုင်တွေက သိမ်းပိုက်အပြီး နာရီအတော်အကြာ Crimea ကို ရုရှားရဲ့ တစိတ်တပိုင်းဖြစ်စေတဲ့ သဘောတူစာချုပ်တစ်ခုကို ရုရှားနဲ့ ဒေသအာဏာပိုင်တွေ အကြား လက်မှတ်ရေးထိုးအပြီး တစ်ရက်အကြာမှာ Parubiy က ပြောခဲ့တာပါ။

လက်နက်ကိုင်မထားတဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်းဟာ ဗုဒ္ဓဟူးနေ့က Sevastopol ရေတပ်ဌာနချုပ်ထဲ ဝင်သွားပြီး ရုရှားအလံကို လွှင့်ထူလိုက်ကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေက မခုခံဘဲ စခန်းထဲကနေ ထွက်သွားတာကို တွေ့ခဲ့ကြရပါတယ်။
XS
SM
MD
LG