သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်ရပ်ရေး စတင်ပြီ


ယူကရိန်းက အတိမ်းအစောင်းမခံတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် စနေနေ့ည သန်းကောင်းယံအချိန်မှာ စတင်လိုက်ပါပြီ။ဒါပေမယ့် နိုင်ငံအရှေ့ပိုင်းမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတဲ့ တိုက်ခိုက်မှုတွေ အားလုံး ရပ်စဲသွား မသွား အခုထိတော့ သေသေချာချာ မသိရသေးပါဘူး။

ဥရောပက ကြားဝင်ဆောင်ရွက်ပေးတဲ့ ဒီသဘောတူညီချက်အရ ယူကရိန်းတပ်တွေရော ရုရှားကျောထောက်နောက်ခံပေးနေတဲ့ ခွဲထွက်ရေး သူပုန်တွေပါ ပစ်ခတ် တိုက်ခိုက်မှုတွေ လုံးဝမလုပ်ဘဲ ထိမ်းထားရမှာ ဖြစ်ပါတယ်။ဒီလို ရပ်ဆိုင်းထားချိန်မှာပဲ သတ်မှတ်ထားတဲ့ ကြားခံဇုန်မှာရှိတဲ့ သူတို့ရဲ့ လက်နက်ကြီးတွေကို နှစ်ဘက်စလုံးက စတင် ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

ညသန်းကောင်ယံ တိုက်ရိုက်ထုတ်လွှင့်ချက်ထဲမှာတော့ ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကို (Petro Poroshenko ) က ယူကရိန်းတပ်တွေကို လက်နက်တွေ မပစ်ခတ်ခတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီ့မတိုင်ခင်ကလေးမှာလည်း ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး အခု သဘောတူလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ယူကရိန်းအစိုးရ ထိန်းချုပ်ထားရာ မဟာဗျူဟာကျတဲ့ ရထားလမ်းရှိရာ Debaltseve ဝန်းကျင်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ထုတ်ဖေါ် ပြောဆိုပါတယ်။

စနေနေ့ အစောပိုင်းကလည်း အမေရိကန်သမ္မတ Barack Obama က မစ္စတာ ပိုရိုရှန်ကို ကို တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီး အစီအစဉ်ဆွဲ ထားတဲ့အတိုင်း ဘက်အားလုံးက အကြမ်းဘက်မှုတွေ ရပ်ထားဖို့ လိုတယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲဖို့ သတ်မှတ်ကာလ မတိုင်ခင်ကလေးမှာတင် ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာအတွက် အထူးစိုးရိမ်ကြောင်းနဲ့ ဂျာမနီ ဝန်ကြီးချုပ်ကလည်း အလားတူ စိုးရိမ်မှု ရှိတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ တနင်္ဂနွေနေ့မှာ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးအရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိပါတယ်။ အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီကနေ ဒီပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင် အကောင်ထည်ဖေါ်ဖို့အတွက် ရုရှား မူကြမ်းရေးဆွဲတင်သွင်းတဲ့ သဘောတူညီချက်ကို မဲပေးကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂသံတမန်တွေက ပြောပါတယ်။

XS
SM
MD
LG