သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်းအစိုးရဆင့်ခေါ်


အမေရိကန်၊ ဂျာမဏီနဲ့ အီတလီအလံကိုင်ဆောင်ပြီး ဆန္ဒပြနေကြသူတွေကို ယူကရိန်းနိုင်ငံ၊ Kiev မြို့က လွတ်လပ်ရေးရင်ပြင်မှာ တွေ့ရစဉ်။ (မတ် ၂၊ ၂၀၁၄)
အမေရိကန်၊ ဂျာမဏီနဲ့ အီတလီအလံကိုင်ဆောင်ပြီး ဆန္ဒပြနေကြသူတွေကို ယူကရိန်းနိုင်ငံ၊ Kiev မြို့က လွတ်လပ်ရေးရင်ပြင်မှာ တွေ့ရစဉ်။ (မတ် ၂၊ ၂၀၁၄)
ယူကရိန်းနိုင်ငံတောင်ပိုင်း Crimea ဒေသမှာ တပ်တွေဖြန့်ချထားဖို့ ရုရှားလွှတ်တော်က ခွင့်ပြုလိုက်ပြီးနောက်မှာ ယူကရိန်းက အရန်တပ်သားတွေကို
ဆင့်ခေါ်လိုက်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့အတွက် ခုလို ဆောင်ရွက်တာဖြစ်တယ်လို့ ယူကရိန်း ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ အန်ဒရီး (Andriy Paruby) ကပြောပါတယ်။

နိုင်ငံရဲ့ အနာဂါတ်ကို ယူကရိန်းပြည်သူတွေက ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်ကို နေတိုးအဖွဲ့က ထောက်ခံတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် Anders Fogh Ramussen က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့အတွက် တန်ဖိုးရှိတဲ့ မိတ်ဆွေနိုင်ငံဖြစ်ပြီး ဒေသတွင်းမှာ
တင်းမာမှုဖြစ်အောင်လုပ်နေတာကို လျှော့ဖို့လည်း Mr. Ramussen က ရုရှားကို တိုက်တွန်းလိုက်ပါတယ်။

အိမ်ဖြူတော်ရဲ့အဆို ယူကရိန်းမှာဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ အင်မတန်စိုးရိမ်တဲ့အကြောင်းထုတ်ဖော်ပြောဖို့ သမ္မတ Barack Obama က ရုရှားသမ္မတ Vladimir Putin ကို စနေနေ့ညက မိနစ် ၉၀ လောက်ကြာအောင် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။ ယူကရိန်းရဲ့အချုပ်အခြာ အာဏာနဲ့ နိုင်ငံတကာ ဥပဒေကို ရုရှားက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ သမ္မတအိုဘားမားက သမ္မတပူတင်ကို ပြောခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားနိုင်ငံ၊ Sochi မြို့မှာ ဒီနှစ်ကုန်ကျင်းပမယ့် အင်အားကြီး ၈ နိုင်ငံရဲ့ G-8 စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စုက တက်မှာ
မဟုတ်ဘူးလို့လည်း သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ Crimea မှာပဲဖြစ်ဖြစ် ယူကရိန်း အရှေ့ပိုင်းမှာပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေရှိလာရင် ရုရှား လူမျိုးတွေကို ကာကွယ်ဖို့ ရုရှားအစိုးရမှာ တာဝန်ရှိတယ်လို့ သမ္မတပူတင်က ပြန်ပြောခဲ့တယ်ဆိုတာကို ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြပါတယ်။

ဖြစ်နေတဲ့ကိစ္စကို ဖြေရှင်းဖို့က နိုင်ငံတကာ ကြားဝင်စေ့စပ်သူတွေကနေတဆင့် ယူကရိန်းအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးတာ အသင့်တော်ဆုံးပဲလို့
အမေရိကန်သမ္မတက ရုရှားသမ္မတကို ပြောခဲ့ပါတယ်။
XS
SM
MD
LG