သုံးရလွယ်ကူစေသည့် Link များ

လူထောင်ဂဏန်းသေဆုံးခဲ့ရတဲ့ ယူကရိန်းအရှေ့ခြမ်း တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် ဘဲလားရုစ်မှာ ယူကရိန်း ရုရှား ဂျာမနီနဲ့ ပြင်သစ်ခေါင်းဆောင်တွေ မရပ်မနားဆွေးနွေး ခဲ့ကြပါတယ်။ ဘဲလားရုစ်နိုင်ငံ Minsk မြို့တော်မှာ တညလုံး မရပ်မနား ၁၆ နာရီ ကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲရလာဒ်အနေနဲ့ လာမယ့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့စပြီး အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာချက် ထွက်လာပါတယ်။ ပဋိပက္ခဒေသကနေ လက်နက်ကြီးတွေကို ပြန်ရုပ်သိမ်းဖို့ အပါအ၀င် အဓိက အရေးကြီးတဲ့ အချက်တွေ အပေါ်မှာ သဘောတူညီချက် ရခဲ့ကြတယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင် က ပြောပါတယ်။

ရုရှားလိုလားတဲ့ သူပုန်တွေကလည်း ဒီသဘောတူညီချက်ကို လက်ခံ သဘောတူတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မကျေလည်တာတွေ ကျန်ရှိနေသေးတယ်လို့ ဆွေးနွေးပွဲတက်ရောက်သူအားလုံးက ပြောနေပါတယ်။ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကတော့ သူတို့အနေနဲ့ ထင်ယောင် ထင်မှားဖြစ်စရာ ဘာမှ မရှိဘူး၊ လုပ်စရာတွေလည်း အတော်များများကို ကျန်ရှိနေသေးတယ်လို့ ဆိုထားပါတယ်။

အခုလို အပစ်အခတ်ရပ်စဲရေးတွေ ပြောနေကြပေမယ့်၊ တင့်ကားတွေနဲ့ လက်နက်ကြီးတွေဟာ ရုရှားကနေ ယူကရိန်းပိုင်နက်ထဲကို တညလုံး ၀င်ရာက်ခဲ့တယ်လို့ ယူကရိန်းစစ်ဖက် တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်ဖွဲ့အကြား တိုက်ပွဲတွေမှာ ရုရှားလိုလားသူတွေကို ကူညီဖို့ ရုရှားဖက်ကနေ စစ်သားတွေ စစ်လက်နက်ပစ္စည်းတွေ ပေးပို့တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ ရုရှားဖက်က ငြင်းဆိုထားပါတယ်။

မနေ့ကဆွေးနွေးပွဲအတွင်းမှာတော့ အတော်လေးကို ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့ရ သလို၊ ရုရှားစကားပြော ယူကရိန်းအရှေ့ခြမ်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် သဘောတူညီချက်တစုံတရာ ဘာမှ ရမထားဘူးလို့ ယူကရိန်း သမတ Petro Poroshenko က ပြောပါတယ်။ စနေနေက တနင်္ဂနွေနေ့အထိ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ကနေ အဓိက ရလာတဲ့အချက်ကတော့ ခြွင်းချက်ဘာမှ မထားပဲ အထွေထွေ အပစ်အခတ် ရပ်စဲထားဖို့ဖြစ်တယ်လို့ Mr.Poroshenko က ပြောပါတယ်။

ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေအကြား ၁၀ လကြာ တိုက်ပွဲကြောင့် လူပေါင်း ၅၄၀၀ ကျော်သေဆုံးခဲ့ရလို့ ထောင်ဂဏန်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

XS
SM
MD
LG