သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်ရပ်မှု တည်ဆဲ


ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဒေသခံတစ်ဦးကို ပြောဆိုနေစဉ်။ (စက်တင်ဘာ ၆၊ ၂၀၁၄)
ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဒေသခံတစ်ဦးကို ပြောဆိုနေစဉ်။ (စက်တင်ဘာ ၆၊ ၂၀၁၄)

ရုရှန်းစကားပြော ယူကရိန်းအရှေ့ပိုင်းဒေသမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေကြား ဒီကနေ့ စနေနေ့မှာ အပစ်အခတ် ဆက်လက်ရပ်စဲထားကြပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အပစ် အခတ် ရပ်စဲရေးအပေါ် ချိုးဖေါက်မှုတွေရှိနေတယ်ဆိုပြီး တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

ဒီအတောအတွင်း တကယ်လို့ ဥရောပသမဂ္ဂအနေနဲ့ ရုရှားနိုင်ငံ အပေါ် နောက်ထပ် စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်မယ်ဆိုရင်တော့ ဒီအပေါ် တုံ့ပြန်ရလိမ့်မယ်ဆိုပြီး ရုရှားကပြောပါတယ်။ ယူကရိန်းခွဲထွက်ရေး သူပုန်တွေကို ရုရှားတွေက ထောက်ပံ့ကူညီပေးနေတဲ့အတွက် ရုရှားအပေါ် ဖိအားပေးတဲ့အနေနဲ့ စီးပွားရေးဒဏ်ခတ်မှု EU ကလုပ်ခဲ့တာပါ။ တနင်္လာနေ့မှာ နောက်ထပ် စီးပွားရေးဒဏ်ခတ်မှုသစ်တွေ စတင်ဖို့ ရှိနေပါတယ်။

ရုရှားနိုင်ငံအပေါ် နောက်ထပ် အရေးယူမှုတွေလုပ်လာရင်တော့ ဒီအပေါ် တုံ့ပြန်သွားမှာကို သံသယရှိစရာ မလိုဘူးဆိုပြီးတော့လည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာကိုတော့ အသေအချာ ဖေါ်ပြမထားပါဘူး။ ဥရောပသမဂ္ဂအနေနဲ့ ယူကရိန်းအရှေ့ခြမ်းဒေသမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာအောင် ကူညီတာဟာ အကောင်းဆုံးဖြစ်လိမ့်မယ် ဆိုပြီးတော့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေးတည်မြဲဖို့ မျှော်လင့်သလို တဖက်မှာ သံသယရှိတဲ့ အကြောင်းကိုတော့ အမေရိကန်သမ္မတ အိုဘားမားက သောကြာနေ့ တုန်းက ပြောပါတယ်။ ယူကရိန်း-ရုရှားနယ်စပ်မှာ နောက်ထပ် ပဋိပက္ခတွေ ထပ်ဖြစ်လာဦးမယ်ဆိုလျင်တော့ အနောက်နိုင်ငံတွေအနေနဲ့ နောက်ထပ် စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေ လုပ်မယ့်အကြောင်းလည်း သမ္မတ အိုဘားမားက အလေးထားပြောကြားသွားပါတယ်။

XS
SM
MD
LG