သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး နုတ်ထွက်


နုတ်ထွက်လွှာတင်ခဲ့သူ ယူကရိန်းကာကွယ်ရေးဝန်ကြီး Valeriy Heletey
နုတ်ထွက်လွှာတင်ခဲ့သူ ယူကရိန်းကာကွယ်ရေးဝန်ကြီး Valeriy Heletey

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ငြိမ်းချမ်းရေးရရှိဖို့ ရုရှားနဲ့ အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်နေချိန်မှာပဲ ယူကရိန်းသမ္မတ Petrol Poroshenko ဟာ သူ့ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပါတယ်။

ဇူလိုင်လတုန်းကမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ Valery Helety ရဲ့ နေရာမှာ အသစ်ခန့်အပ်မယ့်သူရဲ့အမည်ကို တနင်္လာနေ့မှာ ကြေညာမယ်လို့ မစ္စတာ Poroshenko ရဲ့ရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်က သူပုန်တွေထိန်းချုပ်ထားတဲ့ Donetsk မြို့ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ Ilovaisk ဒေသမှာ ယူကရိန်းအစိုးရတပ်တွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရချိန်ကတည်းက ကာကွယ်ရေးဝန်ကြီး Helety ဟာ ဝေဖန်ပြစ်တင်မှုတွေ ခံနေခဲ့ရသူပါ။

ဖေဖေါ်ဝါရီလအတွင်း ဥရောပသမဂ္ဂကိုလိုလားတဲ့ လူထုဆန္ဒပြပွဲတွေကြောင့် ရုရှားက ထောက်ခံမှုပေးထားတဲ့ သမ္မတ Viktor Yanukovish နုတ်ထွက် သွားခဲ့ပြီးနောက်ပိုင်း Helety ဟာ တတိယမြောက် ယူကရိန်းနိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီး ဖြစ်ပါတယ်။

ဇူလိုင်လကစပြီး ရုရှားကပံ့ပိုးတဲ့ ယူကရိန်းအစိုးရဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေ နိုင်ငံအရှေ့ပိုင်းမှာ ကြီးထွားလာခဲ့တာပါ။

ရုရှားသမ္မတ Valdimir Putin က ယူကရိန်းသမ္မတ မစ္စတာ Poroshenko နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်တဲ့အနေနဲ့ ရုရှားတပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော်ကို ယူကရိန်းနယ်စပ်ကနေ ပြန်လည်ရုပ်သိမ်းဖို့ တနင်္ဂနွေနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

XS
SM
MD
LG