ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသက လွတ်လပ်ရေးကို ကြေညာလိုက်ပြီး သူတို့ကို ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ပါဝင်ခွင့်ပြုဖို့အတွက် စဉ်းစားဖို့ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ္စ် ပူရှီလင် (Denis Pushilin) က ဒိုညက်စ်ဒေသကို “ဒိုညက်စ် ပြည့်သူသမ္မတနိုင်ငံ” အဖြစ် ခေါ်ဆိုလိုက်ပြီး သူတို့ဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း နောက်ဒေသတခုက ရုရှားလိုလားတဲ့ခေါင်းဆောင်တဦးကလည်း လွတ်လပ်ရေးကိုကြေညာလိုက်ပါတယ်။ ယူကရိန်းအာဏာပိုင်တွေ မပါဘဲ “လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ” ကို စတင်လိုက်တယ်လို့ ဘောလိုတော့ဗ် (Valery Bolotov) ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် ယူကရိန်းအာဏာပိုင်တွေဟာ ဖက်ဆစ်တွေဖြစ်တယ်လို့ ဗယ်လာရီ ဘောလိုတော့ဗ် (Valery Bolotov) က ပြောလိုက်ပါတယ်။
တနင်္ဂနွေနေ့က သီးခြားကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲ ၂ ခု အတွင်း မဲပေးသူ ၉၀ % က ယူကရိန်းနိုင်ငံက ခွဲထွက်ဖို့ မဲပေးခဲ့ကြတယ်လို့ အဲဒီဒေသ ၂ ခုမှာရှိတဲ့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီ ရလဒ်တွေကို သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီ ဆန္ဒခံယူပွဲဟာ ကို့ယို့ ကားယားနိုင်ပြီး ယူကရိန်းအစိုးရဌာနတွေနဲ့ အနောက်နိုင်ငံတွေက ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ အဲဒီ အရှေ့ပိုင်းဒေသမှာ နေနေတဲ့ သူအများစုဟာ စုစည်းညီညွတ်တဲ့ ယူကရိန်းနိုင်ငံဖြစ်ဖို့ပဲ လိုလားတယ်လို့ ပြောလိုက်ပါတယ်။
ရုရှားလိုလားတဲ့အကြမ်းဖက်သမားတွေဟာ လူအများစုရဲ့ဆန္ဒကို ထုတ်မပြောရဲအောင် ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး မေလ ၂၅ ရက်နေ့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့က သူတို့ရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။