ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့ လက်မှတ်ရေးထိုး သဘောတူညီလိုက်တဲ့ ဥရောပသမဂ္ဂ (EU) နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အတွက် ယူကရိန်းအနေနဲ့ တန်ဘိုးကြီးကြီး ပေးခဲ့ရတဲ့အကြောင်း သမ္မတ Petro Poroshenko ကပြောပါတယ်။ ရုရှားနိုင်ငံက မလိုလားတဲ့ သဘောထားတဲ့ ပြောဆိုခဲ့ပေမဲ့လည်း သဘောတူညီချက်ဟာ သမိုင်းဝင်မယ့် အစီအစဉ်တခု အဖြစ်နဲ့လည်း ယူကရိန်း သမ္မတက ပြောဆိုခဲ့တာပါ။
ဒီနှစ်ဆန်းပိုင်းမှာ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych ရာထူးက ဖြုတ်ချခံခဲ့ရတဲ့အထိ အချေအတင် ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ယူကရိန်းနိုင်ငံသားတွေအတွက် ဥရောပနဲ့ ရုရှား ဘယ်သူ့ကို သစ္စာခံမလဲဆိုတာ အတင်းအကျပ် ရွေးချယ်ဖို့ ဖြစ်ခဲ့ရတယ်လို့လည်း ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ယူကရိန်းမှာ ရေရှည်အပစ်အခတ်ရပ်စဲရေး ရဖို့အတွက် ယူကရိန်း အာဏာပိုင်တွေနဲ့ ခွဲထွက်ရေး လိုလားသူတွေကြား ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ရုရှားသမ္မတက ပြောဆိုခဲ့တာပါ။ EU နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရယူမယ့် အစီအစဉ်ကြောင့် ရုရှားလိုလားသူတွေရှိရာ ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားနိုင်ငံပိုင်အဖြစ် သွတ်သွင်းလိုက်တဲ့အထိ ကြုံခဲ့ရသလို၊ နိုင်ငံရေး ပြဿနာတွေ ကြီးထွားလာရာက နိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်း တပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
တရားဝင် အပစ်အခတ် ရပ်စဲရေး ဒီကနေ့ အဆုံးသတ်မယ့် အချိန်မှာပဲ ပဋိပက္ခတွေက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ အထုတ်အပိုးတွေ အပြည့်တင်ဆောင်လာတဲ့ ကားတွေနဲ့ ရုရှားနယ်စပ်မှာ မနေ့တုန်းကတန်းစီ စောင့်ဆိုင်းနေခဲ့ကြတဲ့အကြောင်း မျက်မြင်တွေ့သူတွေက ပြောဆိုခဲ့ကြတာပါ။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ လူပေါင်း ၁ သိန်း ၁ သောင်းကျော် ယူကရိန်းကနေ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ကြသလို၊ ၅ သောင်း ၄ ထောင်ဟာလည်း ပြည်တွင်း ဒုက္ခသည်တွေ ဖြစ်ခဲ့ကြတဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။