သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက်


အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စ် Yulia Tymoshenko လူထုကို ဘီးတပ်ကုလားထိုင်ပေါ်မှ စကားပြေစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)
အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စ် Yulia Tymoshenko လူထုကို ဘီးတပ်ကုလားထိုင်ပေါ်မှ စကားပြေစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ မကြာသေးခင်ကမှ အကျဉ်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း ယူးလ်ယာ တမိုရှန်းန်ကော (Yulia Tymoshenko) က ကိယက်ဗ်မြို့တော်မှာ ဆန္ဒပြသူတွေကို စကားပြောပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို သူ့ကိုလည်း သူရဲကောင်းသဖွယ်ကြိုဆိုခဲ့ကြပါတယ်။

သီတင်းပတ်အတော်ကြာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အာဏာအလွဲ သုံးစားလုပ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ မစ္စ တမိုရှန်းန်ကောကို ထောင်ဆေးရုံတစ်ခုကနေ စနေနေ့က လွှတ်ပေးခဲ့တာပါ။ သူ့ကို အကျဉ်းချခဲ့တဲ့စွဲချက်တွေဟာ သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ် (Viktor Yanukovych) က နိုင်ငံရေးအရ လက်စားချေတာ ဖြစ်တယ် လို့ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေက ပြောပါတယ်။

ဆိုးရွားတဲ့ခါးနာဝေဒနာကြောင့် မစ္စ တမိုရှန်းန်ကောက ဘီးတပ်လှည်းပေါ်ကနေ စကားပြောခဲ့တာပါ။ ဆန္ဒပြသူတွေဟာ သူရဲ ကောင်းတွေဖြစ်တယ်၊ ယူကရိန်းနိုင်ငံရဲ့ အကောင်းဆုံးလူထုဖြစ်တယ်လို့ မစ္စ တမိုရှန်းန်ကော ပြောပါတယ်။ ဆန္ဒပြပွဲတွေကို လက်မလျှော့ကြဖို့ တိုက်တွန်းပြီးတဲ့နောက် မျက်ရည်တွေကျခဲ့ပါတယ်။

သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ်ကို ရာထူးကဖယ်ရှားပြီး သမ္မတရွေးကောက်ပွဲတွေကို မေလ ၂၅ ရက်နေ့မှာ ကျင်းပဖို့ ယူကရိန်း လွှတ်တော်က စနေနေ့အစောပိုင်းမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ မစ္စ တမိုရှန်းန်ကောရဲ့ ကာလရှည်ကြာ မဟာမိတ်တစ်ဦးဖြစ်သူ Oleksandr Turchynov ကို လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ အစိုးရကိုထောက်ခံသူ ဥက္ကဋ္ဌဟောင်း Volodymyr Rybak က ရာထူးက နုတ်ထွက်သွားပါတယ်။

ကိယက်ဗ်မြို့တော်ကနေ နိုင်ငံအရှေ့ပိုင်းက Kharkiv မြို့ဆီထွက်ပြေးသွားတဲ့ သမ္မတ ယာနူကိုဗစ်ချ်ကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားမဝင်ဘူးလို့ ပြောခဲ့ပါတယ်။ အတိုက်အခံဆန္ဒပြသူတွေကို နာဇီတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တဲ့ အပြင် သူ ရာထူးကနုတ်ထွက်မှာမဟုတ်သလို တိုင်းပြည်ကနေ ထွက်သွားမှာလည်း မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း မစ္စတာယာနူကိုဗစ်ချ်မှာ အာဏာမရှိသလောက်ဖြစ်သွားပါပြီ။ အစိုးရအဖွဲ့သစ်ကို ထောက်ခံမယ်လို့ သူ့အစိုးရအဖွဲ့က ကတိပေးထားသလို ရဲတပ်ဖွဲ့ကလည်း အတိုက်အခံကို ထောက်ခံမယ့်အကြောင်းနဲ့ စစ်တပ်က ဝင်ပါမှာမဟုတ်ဘူးဆိုတာတွေကို ပြောထားကြပါတယ်။
XS
SM
MD
LG