ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် Luhansk မြို့မှာရှိတဲ့ ခရိုင်ရဲစခန်းကို ယူကရိန်း တပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီလို့ ယူကရိန်းအစိုးရက ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း Luhansk မြို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း မြေပြင်ကနေ ဝေဟင်ပစ် အမြောက်တွေတင်ထားတဲ့ သံချပ်ကာကားတွေ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ဦးဆောင် မောင်းနှင်သွားတာကို ရုရှားနယ်စပ်မှာ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီ မော်တော်ယာဉ်တွေဟာ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အနောက်စူးစူးအရပ်ကို ဦးတည်သွားနေတယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းတုန်းကတော့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေက အဲဒီဒေသမှာ ပျံသန်းနေတဲ့ ယူကရိန်းလေတပ်ပိုင် Mig-29 တိုက်လေယာဉ်တစင်းကို ပစ်ချလိုက်တယ်လို့ ဆိုပါတယ်။ သီးခြား ဖြစ်ပေါ်မှုတခုမှာတော့ Donetsk ဒေသမှာ မကြာခင်က ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး အရပ်သား ဆယ်ဦးလောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ယူကရိန်းနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် သယ်ဆောင်လာတဲ့ ရုရှားနိုင်ငံက လူသားချင်းစာနာတဲ့ အကူအညီတွေကို ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က အရာရှိတွေ စတင် စစ်ဆေးနေပြီ ဖြစ်ပါတယ်။