သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်


ယူကရိန်းနိုင်ငံရဲ့ ဝန်ကြီးချုပ် Mykola Azarov ရဲ့ ရာထူးကနေ နှုတ်ထွက်မယ်ဆိုတဲ့ အဆိုပြုချက်ကို သမ္မတ Viktor Yanukovych က လက်ခံလိုက်ပါတယ်။ ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ပေးဖို့အရေးဟာ မြို့တော် ကီယပ်မှာ သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြနေကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲက အဓိကအချက်လည်း ဖြစ်ပါတယ်။

အခုလို နှုတ်ထွက်တဲ့အကြောင်း ထုတ်ပြန်ကြေညာတဲ့ သမ္မတရဲ့ ဝဘ်ဆိုက် အဆိုအရဆိုရင် ယူကရိန်းနိုင်ငံရဲ့ ဥပဒေအရ ဝန်ကြီးချုပ် နှုတ်ထွက်လိုက်တယ်ဆိုတာဟာ အစိုးရတဖွဲ့လုံး နှုတ်ထွက်လိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဝဘ်ဆိုက်မှာ ထုတ်ပြန်ထားချက်အရ အစိုးရအသစ်တရပ်ဖွဲ့စည်းပြီး အစားမထိုးနိုင်သေးခင်ကာလ တလျှောက်အတွင်း လက်ရှိ အစိုးရဝန်ကြီးအဖွဲ့ဟာ တာဝန်ဆက်လက် ထမ်းဆောင်နေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာ Yanukovych က အမေရိကန် ဒုတိယသမ္မတ Joe Biden ကို ရှင်းပြပြောဆိုခဲ့တယ်လို့ ဝါရှင်တန် သမ္မတအိမ်ဖြူတော်က ပြောဆိုပါတယ်။

မစ္စတာ Biden က ယူကရိန်းနိုင်ငံက ပြဿနာတွေအပေါ် ကိုင်တွယ်နေတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေအပေါ် ကြိုဆိုလိုက်ပြီး၊ အခုလ စောစောပိုင်းမှာ ပြဌာန်းလိုက်တဲ့ ဆန္ဒပြဆန့်ကျင်မှုအပေါ် တားမြစ်ထားချက်တွေကို ထည့်သွင်းရေးဆွဲမယ့် ဥပဒေအသစ်ကို အချိန်မဆွဲဘဲ အမြန် ပြဌာန်းဖို့ မစ္စတာ Joe Biden က တိုက်တွန်းလိုက်တယ်လို့ ပြောပါတယ်။

နောက်ပြီး ဆန္ဒပြပွဲတွေ စတင်ကတည်းက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ကိုလည်း ထောက်ခံကြောင်း မစ္စတာ Biden က ပြောဆိုလိုက်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG