သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ပြန်ထိုးစစ်အတွက် လက်နက်လုံလောက်ဟု ယူကရိန်းပြော


Bakhmut အနီး ရှေ့တန်းစစ်မျက်နှာမှ ယူကရိန်းတပ်သားများ၊ ဂျွန် ၅၊ ၂၀၂၃
Bakhmut အနီး ရှေ့တန်းစစ်မျက်နှာမှ ယူကရိန်းတပ်သားများ၊ ဂျွန် ၅၊ ၂၀၂၃

ယူကရိန်းမှာ ရုရှားကို တန်ပြန်ထိုးစစ်စတင်ဖို့ လက်နက်အလုံအလောက်ရှိနေပြီး ဒီစစ်ဆေးရေးဟာ အနောက်နေတိုး မဟာမိတ် အဖွဲ့ဝင်ခွင့်ရရေး လိုအပ်နေတဲ့ အောင်ပွဲကိုရစေမှာ ဖြစ်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဇွန်လ ၅ ရက် တနင်္လာနေ့က ပြောလိုက်ပါတယ်။

“ဒါပေမယ့် စစ်ပွဲနိုင်ပြီးမှသာ လက်နက်က လုံလောက်ပြီလို့ ပြောနိုင်မှာ ဖြစ်ပြီး စစ်ပွဲ မနိုင်မချင်း လက်နက် လုံလောက်တယ်လို့ ပြောလို့ မရဘူး” လို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

“တန်ပြန်ထိုးစစ်ဆင်တဲ့အခါ စတင်နိုင်ဖို့လက်နက်တွေ အလုံအလောက်ရှိဖို့လိုသလို နောက်တခုကတော့ လိုအပ်သလို ဆက်တိုက်ပွဲဝင်နိုင်ဖို့ ထောက်ပံ့ရေးပစ္စည်းတွေရေရှည်ရဖို့လည်းလိုတယ်” လို့ သူကဆိုပါတယ်။ “တဖက်မှာလည်း ဒီစစ်ပွဲတွေပြီးမှပဲ ယူကရိန်းအတွက် နေတိုး စစ်မဟာမိတ်အဖွဲ့ဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်း” ပြောပါတယ်။

ယူကရိန်းဟာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ အနောက်မဟာမိတ်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီ တင့်ကား၊ သံချပ်ကာကား၊ အမြောက်တွေနဲ့ ပြင်ဆင်နေတာ လအတန်ကြာရှိလာနေပြီ ဖြစ်ပါတယ်။ တန်ပြန်ထိုးစစ် စတင်ခြင်းရှိ၊ မရှိ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Kuleba က ဖြေကြားခြင်း မရှိဘဲ “အရေးအကြီးဆုံးက စတင်ချိန်မဟုတ်ဘဲ ယူကရိန်းအောင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

ယူကရိန်းတောင်းဆိုထားတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ လေ့ကျင့်ပေးဖို့ မဟာမိတ်နိုင်ငံအချို့က သဘောတူပြီးနောက်မှာ ယူကရိန်းဖက်က နောက်ထပ် အဓိကပစ်မှတ်ကတော့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးလို့ နိုင်ငံခြားရေးဝန်ကြီး Kuleba က ပြောပါတယ်။

“နေတိုးအဖွဲ့ဝင် ဖြစ်တာက ဒီစစ်ပွဲကို မရပ်တန့်နိုင်ပေမယ့် နေတိုးအဖွဲ့ဝင်အဖြစ်နဲ့ နောက်ထပ်စစ်ပွဲတွေကို ရပ်တန့်နိုင်မှာဖြစ်တယ်”လို့ သူက ဆိုပါတယ်။ “ဒေသတွင်း လုံခြုံရေးကို သေချာစေဖို့ အကောင်းဆုံးနည်းလမ်းက ယူကရိန်းနေတိုးအဖွဲ့ဝင်ဖြစ်လာချိန်ပဲ” လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Kuleba က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG