သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanukovych ကို ICC တင်ဖို့ ယူကရိန်းလွှတ်တော် မဲခွဲဆုံးဖြတ်


ယူကရိန်း သမ္မတဟောင်း Viktor Yanukovych.
ယူကရိန်း သမ္မတဟောင်း Viktor Yanukovych.
ယူကရိန်းနိုင်ငံမှာ တိမ်းရှောင်နေတဲ့ ဖြုတ်ချခံ သမ္မတ Viktor Yanukovych ဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူအများကြီးကို သတ်ပစ်ခဲ့တာ အပါအဝင် ဆန္ဒပြပွဲတွေအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ နိုင်ငံတကာ ပြစ်မှုတရားရုံး ICC မှာတင်ဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ရုရှားကို လိုလားတဲ့ Crimea ဒေသမှာ မစ္စတာ Yanukovych ကို နောက်ဆုံးတွေ့ရကြောင်း ယာယီပြည်ထဲရေးဝန်ကြီး Arsen Avakhov က ပြောပေမဲ့ မစ္စတာ Yanukovych ဘယ်မှာရှိလဲဆိုတဲ့ နေရာအတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံမှာ ညီညွတ်တဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ကို ကြာသပတေးနေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော်က အင်္ဂါနေ့အစောပိုင်းက ကြေညာသွားပါတယ်။ ခေါင်းဆောင်သစ်တွေကို လွှတ်တော်က ထုတ်ပြန်ကြေညာပေးရမယ့်် ဒီကနေ့ အင်္ဂါနေ့မှာပဲ လွှတ်တော်ဥက္ကဌလည်းဖြစ် ယာယီသမ္မတလည်းဖြစ်တဲ့ Oleksandr Turchynov က အခုလို ကြေညာသွားတာပါ။

ဒီလို ယူကရိန်းနိုင်ငံမှာ ညီညွတ်တဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ ကြိုးစားနေတဲ့တလျှောက် နိုင်ငံတကာရဲ့ ထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိပါစေမယ်လို့ ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Catherine Ashton က ကတိပြုသွားပါတယ်။ Kyiv မြို့တော်ကိုရောက်ရှိနေတဲ့ Catherine Ashton က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

၃ လကြာ နိုင်ငံရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့လို့ စီးပွားရေး ပြန်နလန်ထူအောင် ဘယ်လိုကူညီမလဲဆိုတာကို အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ နည်းလမ်းရှာနေကြတယ်လို့ သူကပြောပါတယ်။ ဒီလို နိုင်ငံရေးပဋိပက္ခကနေ ရုန်းထွက်ဖို့ ယူကရိန်းက ကြိုးစားလုပ်ဆောင်နေတာကို ရုရှားအနေနဲ့ ခွင့်ပြုသင့်တယ်လို့ မစ္စစ် Ashton က တိုက်တွန်းသွားပါတယ်။
XS
SM
MD
LG