သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ယူကရိန်းသူပုန်တွေ မှားပစ်ချခဲ့ပုံရ


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မလေးရှားနိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခဲ့တဲ့ ဖြစ်စဉ်မှာ ရုရှားနိုင်ငံက တိုက်ရိုက် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထား သူတို့ထံမှာ မရှိဘူးလို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောဆိုပါတယ်။

ပေါ့ပေါ့တန်တန် သင်တန်းတက်ထားတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက မှားယွင်း ပစ်ခတ်ခဲ့ပုံ ရတယ်လို့လည်း ပြောဆိုပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်ပျက်နဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေက အင်္ဂါနေ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အခုလို ပဏာမ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းပြသူတွေက သူတို့ရဲ့ နာမည်တွေကို ထုတ်ဖော်မပြောကြဖို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက် တင်ဆောင်လာတဲ့ လေယာဉ်ကြီးကို ခွဲထွက်ရေးသူပုန်တွေက ရုရှားနိုင်ငံလုပ် မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်တဲ့ SA-11 မစ်ဇိုင်းဒုံးနဲ့ ပစ်ချခဲ့ပုံရကြောင်း သူတို့က ပြောပါတယ်။ လေယာဉ်ပေါ်ပါသူတွေထဲမှာ အသက်ရှင်ကျန်ရစ်သူ တယောက်မှ မရှိပါဘူး။

မစ်ဇိုင်းဒုံးပျံ ပစ်ခတ်လိုက်ချိန်မှာ ရုရှားနိုင်ငံဘက်က တာဝန်ရှိသူတဦးတယောက် ရှိနေ မနေဆိုတာကို သူတို့မသိဘူးလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပစ်ခတ်နိုင်တဲ့ အနေအထားမျိုး ရရှိအောင် ရုရှားက ဖန်တီးပေးထားတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်တာကာလအတွင်း အမေရိကန်ပြည်ထောင်စု၊ ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံဟာ အခုလို လေယာဉ်ကို ပစ်ချနိုင်စွမ်းရှိတဲ့ ဒုံးပျံလွှတ်စဉ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

XS
SM
MD
LG