သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်အကြို Ukraine တိုက်ပွဲပြင်း


ယူကရိန်းအစိုးရဝန်ဝမ်းတဦး လက်နက်ကြီးကျည်တွေကို တင့်ကားပေါ်ပို့ပေးနေစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅)
ယူကရိန်းအစိုးရဝန်ဝမ်းတဦး လက်နက်ကြီးကျည်တွေကို တင့်ကားပေါ်ပို့ပေးနေစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅)

ယူကရိန်းအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်ဖို့ နာရီ်ပိုင်းပိုင်းပဲလိုတဲ့အချိန်အထိ ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှား
ထောက်ခံတဲ့ ခွဲထွက်ရေးသူပုန်တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ စနေနေ့ည သန်းခေါင်ချိန်မှာ စတင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေ Belarus နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး တည်တံ့စေဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း တနင်္ဂနွေနေ့မှာ အရေးပေါ်စည်းဝေးပွဲကျင်းပဖို့ ရှိနေပါတယ်။ သက်ဆိုင်သူအားလုံး သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ရုရှား ရေးဆွဲထားတဲ့ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကြားမှာ မဲခွဲမှာဖြစ်တယ်လို့ ကုလသမဂ္ဂသံတမန်တွေက ပြောပါတယ်။

သောကြာနေ့တုန်းကလည်း ယူကရိန်းအရှေ့ပိုင်းမှာ မဟာဗျူဟာကျတဲ့ Debaltseve မြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ယူကရိန်းစစ်သားနဲ့ အရပ်သားတွေ အပါအဝင် ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ရုရှား လိုလားတဲ့ တိုက်ခိုက်ရေးသမားတွေကို ရုရှားက စစ်လက်နက် အမြောက်အများ ပေးပို့နေတယ်လို့ အမေရိကန်က သောကြာနေ့မှာ ထပ်မံစွပ်စွဲခဲ့ပါတယ်။

ရုရှားကတော့ စစ်သားရော လက်နက်တွေပါ ယူကရိန်းနိုင်ငံထဲပေးပို့ခြင်း မရှိဘူးလို့ ငြင်းဆန်နေပါတယ်။ ၁၀ လ ကြာနေပြီဖြစ်တဲ့ ယူကရိန်းပဋိပက္ခကြောင့် သေဆုံးသူ (၅,၄၀၀) ထက်မနည်းရှိနေပြီး ထောင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပါတယ်။

XS
SM
MD
LG