သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအယုံအကြည်မရှိအဆို လွှတ်တော်ပယ်ချ


ယူကရိန်းဝန်ကြီးချုပ် Mykola Azarov အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတရပ်ကို မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံက တင်သွင်းတာကို ယူကရိန်းလွှတ်တော်က ပယ်ချလိုက်ပါတယ်။

ဥရောပသမဂ္ဂ EU နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးဖို့ အစိုးရက ငြင်းဆန်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေ ရက်ပေါင်းအတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဒီကနေ့မှာလည်း Kyiv မြို့တော်က လွှတ်တော် အဆောက်အဦးအပြင်ဘက်မှာ တော်လှန်ရေးအတွက် တောင်းဆိုပြီး စုဝေး ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒီအတောအတွင်းမှာပဲ သမ္မတ Viktor Yanukovych ဟာ တရုတ်နိုင်ငံဆီ တရားဝင် နိုင်ငံတော် အလည်အပတ်ခရီးစဉ်နဲ့ နိုင်ငံကနေ ထွက် သွားပါပြီ။

တနင်္လာနေ့တုန်းကတော့ ဆန္ဒပြသူ ရာပေါင်းများစွာဟာ Kyiv မြို့က အစိုးရအဖွဲ့နဲ့ ဗဟိုဘဏ်လို အဓိက အစိုးရ အဆောက်အဦးတွေရဲ့ ၀င်ပေါက်တွေကို ပိတ်ဆို့ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း မြို့တော်မှာ လူ ၁ သိန်းကျော် ချီတက် ဆန္ဒပြခဲ့ကြပြီး ချီတက်သူတချို့က အစိုးရအဆောက်အဦးတခုထဲ အတင်းဝင်ဖို့ ကြိုးစားတာကြောင့် လူ ၂၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ အဓိကရုဏ်း နှိမ်နင်းရေးသုံး ဗုံးတွေနဲ့ နှိမ်နင်း ဖြိုခွဲခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဟာ ထိန်းသိမ်းလို့ မရလောက်အောင် ဖြစ်လာပြီး အာဏာသိမ်းယူမယ့် အရိပ်လက္ခဏာ အကုန်လုံး ရှိနေတယ်လို့ ယူကရိန်းဝန်ကြီးချုပ် Mykola Azarov က ပြောထားပါတယ်။
XS
SM
MD
LG