Crimea ကျွန်းဆွယ်ဒေသဟာ ယူကရိန်းပိုင်ဖြစ်တယ်၊ ဖြစ်ခဲ့တယ်၊ နောင်လည်း ဖြစ်သွားမယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko ကပြောလိုက်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုကနေ ယူကရိန်းနိုင်ငံကို ခွဲထွက် ထူထောင်ခဲ့ပြီးကတည်းကဆိုရင် ငါးဆက်မြောက် သမ္မတအဖြစ် လွှတ်တော်ရှေ့မှောက်၊ အမေရိကန်ဒုတိယသမ္မတအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂုဏ်သရေရှိလူပုဂ္ဂိုလ်တွေ ရှေ့မှောက်မှာ ဘီလီယံနာ စီးပွားရေးသမားဖြစ်သူ မစ္စတာပိုရိုရှန်းကိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။
Crimea ကို ရုရှားက သူပိုင်နယ်မြေအဖြစ်သွတ်သွင်းခဲ့တာ သူ လက်ခံမှာမဟုတ်ဘူးလို့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအတွင်း မစ္စတာ ပိုရိုရှန်းကိုက ပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ်ဒေသဆီ ဒီနှစ်အစောပိုင်းမှာ ရုရှားက တပ်ဖွဲ့တွေစေလွှတ်ခဲ့ပြီး မတ်လမှာ ပိုင်နက်နယ်အဖြစ် သွတ်သွင်းခဲ့တာဖြစ်ပါတယ်။
ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံအရှေ့ခြမ်းက ယူကရိန်းနိုင်ငံသားတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့လည်း ခေါင်းဆောင်သစ်က ကတိပေးခဲ့ပါတယ်။
သမ္မတကိုယ်စားလှယ်လောင်း ၂၁ ယောက်ဝင်ပြိုင်တဲ့ မေလ ၂၅ ရက်နေ့က ရွေးကောက်ပွဲမှာ မစ္စတာပိုရိုရှန်းကိုးက မဲအများစုနဲ့ အနိုင်ရခဲ့တာပါ။ အခုဆိုရင် ဆိုးရွားတဲ့ စီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံနဲ့ နယ်စပ်ဒေသမှာ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတခုကို သူ ပဲ့ကိုင် ဦးဆောင်ရတော့မှာဖြစ်ပါတယ်။