သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်လုပ်ဖို့ ယူကရိန်းသမ္မတ ကမ်းလှမ်း


ယူကရိန်းသမ္မတ ယန်နူကိုဗစ်ချ်က ဝန်ကြီးချုပ်ရာထူး ကမ်းလှမ်းခံရသူ အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk
ယူကရိန်းသမ္မတ ယန်နူကိုဗစ်ချ်က ဝန်ကြီးချုပ်ရာထူး ကမ်းလှမ်းခံရသူ အတိုက်အခံခေါင်းဆောင် Arseniy Yatsenyuk
ယူကရိန်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်ပြီး ဆန္ဒပြမှုတွေ နှစ်လကြာအောင် ဦးဆောင်ပြုလုပ်နေတဲ့ အတိုက်အခံခေါင်းဆောင်တွေထဲက တစ်ဦးကို ဝန်ကြီးချုပ်ရာထူးပေးမယ်လို့ ယူကရိန်းသမ္မတ ဗစ်တာ ယန်နူကိုဗစ်ချ်က ကမ်းလှမ်းလိုက်ပါတယ်။

သူ့ရဲ့အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ပေးမယ်၊ ဆန္ဒပြပွဲတွေကို ကန့်သတ်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေကို ပြင်ဆင်ပေးမယ်လို့ သမ္မတက သဘောတူခဲ့ပြီး နောက်တစ်ရက် စနေနေ့မှာ အခုကမ်းလှမ်းချက်ကို သမ္မတရုံး အင်တာနက် စာမျက်နှာမှာ တင်ထားခဲ့တာပါ။

အတိုက်အခံခေါင်းဆောင် အာဆင်န်ညီ ယက်ဆန်န်ယွတ်ခ် (Arseniy Yatsenyuk) ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သေသေချာချာမသိရသေးပါဘူး။

အတိုက်အခံတွေဘက်ကတော့ သမ္မတ ယန်နူကိုဗစ်ချ်ရော၊ ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် မိုက်ကိုလာ အဇာရော့-ပါ နှစ်ယောက်စလုံး နုတ်ထွက်ပေးဖို့ တောင်းဆိုနေ တာပါ။ ဒါ့အပြင် ရွေးကောက်ပွဲကို စောစောစီးစီး ကြိုပြီး ကျင်းပပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က သမ္မတယန်နူကိုဗစ်ချ်က ရုရှားနဲ့စီးပွားရေး ပိုမိုဆက်ဆံဖို့အတွက် EU ဥရောပသမဂ္ဂနဲ့ ကုန်သွယ်စာချုပ် ချုပ်ဆိုဖို့ကိစ္စကို ပယ်ဖျက်ခဲ့ချိန်ကစပြီး ဆူပူဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆင်းရဲတဲ့ယူကရိန်းနိုင်ငံ ဒေဝါလီခံရကိန်းဆိုက်နေချိန်မှာ ရုရှားက ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ ကယ်တင်ဖို့ လုပ်လာတာမို့ သမ္မတက အခုလို ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပသမဂ္ဂနဲ့ပဲ လက်တွဲချင်တဲ့ဆန္ဒပြသူတွေက အဲဒီအချိန်ကစပြီး ယူကရိန်းနိုင်ငံ ကိယဗ်မြို့တော်က လမ်းမတွေပေါ် ထွက်ပြီးဆန္ဒပြခဲ့ကြတာ အခုအချိန်အထိ ဖြစ်ပါတယ်။
XS
SM
MD
LG