သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရွေးကောက်ပွဲရလဒ် Poroshenko ရှေ့ပြေး


ယူကရိန်းရဲ့ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ သမ္မတကိုယ်စားလှယ်လောင်း မစ္စတာ Petro Poroshenko မဲရလဒ်တွေ ကြေညာနေသော ဆိုင်းဘုတ်ရှေ့မှာ စကားပြောနေစဉ်။ (မေ ၂၅၊ ၂၀၁၄)
ယူကရိန်းရဲ့ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမား၊ သမ္မတကိုယ်စားလှယ်လောင်း မစ္စတာ Petro Poroshenko မဲရလဒ်တွေ ကြေညာနေသော ဆိုင်းဘုတ်ရှေ့မှာ စကားပြောနေစဉ်။ (မေ ၂၅၊ ၂၀၁၄)
တနင်္ဂနွေနေ့လုပ်တဲ့ ယူကရိန်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ထွက်လာတဲ့ နောက်ဆုံး ရလဒ်တွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ချော့ကလက်လုပ်ငန်းရှင် ကုဋေကြွယ်သူဌေး Petro Poroshenko က အနိုင်ရနေပါတယ်။

မဲရလဒ်တွေအရ Poroshenko ဟာ မဲပေးသူ ၅၆ ရာခိုင်နှုန်းရဲ့ မဲတွေရထားပြီး ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko ဟာ ၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်နေပါတယ်။ မဲရလဒ် အပြည့်အစုံကတော့ တနင်းလာနေ့မှာ ထွက်လာမယ် မျှော်လင့်ရပါတယ်။

နိုင်ငံရဲ့အရှေ့ခြမ်းမှာတော့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက မဲရုံတွေကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲ ပျက်အောင် ခြိမ်းခြောက်နေပေမယ်လို့ ယူကရိန်းအစိုးရကတော့ ဒီရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ပိုင်းဖြတ်ခဲ့ပါတယ်။

ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Donetsk မြို့မှာတော့ မဲရုံတွေ မဖွင့်နိုင်ခဲ့ပါဘူး။ Donetsk ဒေသ တခုလုံးမှာတော့ ရှားရှားပါးပါး မဲပေးသူ အရေအတွက် ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သတင်းရပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ရန်ပြုမှုတွေကြားကနေ ယူကရိန်းပြည်သူတွေဟာ သူတို့ သဘောဆန္ဒ ထုတ်ဖော်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။

ယူကရိန်းပြည်သူတွေအနေနဲ့ သူတို့ခေါင်းဆောင်ကို သူတို့ ရွေးချယ်ခွင့်ရဖို့၊ ဒီမိုကရေစီစနစ်မှာ နေထိုင်ခွင့်ရဖို့ အကြိမ်ကြမ်ပြသခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းသမ္မတသစ်နဲ့ ရွေးချယ်ခံလွှတ်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားဝင်မှုအပေါ် သံသယဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာက ပြောခဲ့ပေမယ့်လို့ ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်ဆိုတာကိုတော့ကတိပေးထားပါတယ်။

ယူကရိန်းသမ္မတသစ်အနေနဲ့ ယူကရိန်းအရှေ့ဖက်ခြမ်းက ခွဲထွက်ရေးသမားတွေကို စစ်ရေးနှိမ်နင်းမှုတွေ အဆုံးသတ်လိမ့်မယ်လို့လည်း သူမျှော်လင့်တဲ့အကြောင်း ရုရှားသမ္မတက ပြောခဲ့ပါတယ်။
XS
SM
MD
LG