သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ခွဲထွက်ရေး တောင်းဆိုဒေသ ဝန်ကြီးချုပ် သွားရောက်


ယူကရိန်းဝန်ကြီးချုပ် Arseniy Yetsanyuk သတင်းစာ ရှင်းလင်းပွဲ။ (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်းဝန်ကြီးချုပ် Arseniy Yetsanyuk သတင်းစာ ရှင်းလင်းပွဲ။ (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအတွင်း ရုရှားကိုလိုလားပြီး ခွဲထွက်ချင်သူတွေကို သူတို့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်ဦတွေကနေ ဖယ်ရှားပေးဖို့ လက်နက်ချဖို့ နောက်ဆုံး သတ်မှတ်ထားတဲ့ ရက်ဟာ သောကြာနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လက်နက်တွေ ကိုင်ဆောင် ထားတဲ့ ဆန္ဒပြသူတွေဟာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နဲ့ ပေါင်းစည်းရေးကိစ္စအပေါ် ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုနေကြ တာဖြစ်ပြီး၊ ယူကရိန်းအစိုးရက သူတို့သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦ ကနေ ဖယ်မပေးဘူးဆိုရင် အကြမ်းဖက်ဖြိုခွဲရလိမ့်မယ်လို့ ခြိမ်းခြောက် သတိပေးထားပါတယ်။

လက်နက်ချမယ်ဆိုရင် အစိုးရဖက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ အဆိုပြုထားတာကိုလည်း ဆန္ဒပြသူတွေက ပယ်ချထားကြပါတယ်။
ယူကရိန်းဝန်ကြီးချုပ် Arseniy Yetsanyukက ဒုံးဆတ် ဒေသ က ခေါင်းဆောင်တွေနဲ့ သောကြာနေ့ တွေ့ဆုံရာမှာ ကြုံတွေ့နေရတဲ့ ပြ ဿ နာကို အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်းပြောဆိုပါတယ်။

"ကျနော်တို့ ဗဟိုအစိုးရဟာ ဒေသခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတာတင် မကပါဘူး၊ တိုင်းသူပြည်သားတွေ အားလုံးရဲ့ဆန္ဒ အတိုင်း ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ အဆင်သင့် ဖြစ်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာလည်း ဒေသတခုခြင်းစီရဲ့ တောင်းဆိုမှုတွေကို အသိအမှတ်ပြုမှာ ဖြစ်ပါတယ် လို့ ပြောသွားတာပါ။"

ယူကရိန်း အစိုးရဖက်ကလည်း ခြိမ်းခြောက်ပြောဆိုထားသလို အစိုးရ အဆောက်အဦတွေကို ချက်ခြင်းလက်ငင်း အင်အားသုံး ဖြိုခွင်းမဲ့ အနေအထားမျိုး မမြင်ရသေးသလို၊ ဆန္ဒပြသူတွေကလည်း လက်နက်ချကြမယ့် အရိပ်လက္ခဏာ မတွေ့ရပါဘူး။

မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်ကြသူ အများစုဟာ ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေးကိစ္စကို ဆန့်ကျင်ကြတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း နေတိုးအဖွဲ့ရဲ့ ကောင်းကင် က ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေအရ ရုရှားတပ်ဖွဲ့ဝင် လေးသောင်းနဲ့အတူ သံချပ်ကာကားတွေ၊ လေယာဉ်တွေဟာ ယူကရိန်းနယ်စပ်တလျှောက်မှာ တပ်စွဲထားပြီး ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကို ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပွားနေပါတယ်။
XS
SM
MD
LG