သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆန္ဒပြသူများ အစိုးရရုံးတွေကို ပိတ်ဆို့


အစိုးရကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေ Kiev မြို့တော်အလယ်က လွတ်လပ်ရေးရင်ပြင်မှာ စုရုံးနေကြစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
အစိုးရကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေ Kiev မြို့တော်အလယ်က လွတ်လပ်ရေးရင်ပြင်မှာ စုရုံးနေကြစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
ယူကရိန်းနိုင်ငံမှာ ထောင်ချီတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ အဓိက အစိုးရအဆောက်အဦးတွေကို တနင်္လာနေ့တုန်းက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Viktor Yanukovych က ငြင်းပယ်ခဲ့တဲ့အပေါ်မှာ မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေဟာ အစိုးရကိုပါ ဖြုတ်ချဖို့ ကြိုးပမ်းနေကြတာပါ။

ယူကရိန်းမြို့တော် Kyiv မှာရှိတဲ့ အစိုးရအဖွဲ့နဲ့ ဗဟိုဘဏ်အဆောက်အဦး အဝင်ပေါက်တွေကို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ တနင်္လာနေ့က ပိတ်ဆို့ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ မြို့တော်တဝှမ်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတသိန်းကျော် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ တနင်္ဂနွေနေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူအချို့က အစိုးရအဆောက်အဦးတွေကို ဝင်စီးဖို့ ကြိုးပမ်းရာကနေ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေသုံးပြီး လူစုခွဲတာကြောင့် အကြမ်းဖက်မှုတွေဖြစ်ခဲ့ရပါတယ်။ လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ယူကရိန်းဝန်ကြီးချုပ် Mykola Azarov ကတော့ ဆန္ဒပြသူတွေဟာ ထိန်းမနိုင် သိမ်းမရဖြစ်ပြီး အာဏာကိုလုယူသိမ်းမယ့် လက္ခဏာတွေပါ ဖြစ်လာခဲ့တယ်လို့ တနင်္လာနေ့မှာ ဖြေရှင်းချက်ပေးပါတယ်။ ယူကရိန်း အတိုက်အခံခေါင်းဆောင် Arsenily Yatsenyuk ကတော့ ရွေးကောက်ပွဲတွေကို စောစောစီးစီး ကျင်းပပေးတာဟာ အခုဖြစ်နေတဲ့ အကြပ်အတည်းအတွက် တခုတည်းသော ဖြေရှင်းနိုင်ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို ဆန္ဒပြသူတွေအပေါ် ယူကရိန်းအာဏာပိုင်တွေဘက်က အကြမ်းဖက် တာဟာ လက်မခံနိုင်စရာ အခြေအနေဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ jay Carney က ပြောပါတယ်။
ငြိမ်းချမ်းရေးဆန္ဒပြတာတွေကို အာဏာသိမ်းတယ်လို့ အမေရိကန်ပြည်ထောင်စုက မယူဆတဲ့ အကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အခုလိုပြဿနာမှာ နှစ်ဖက်စလုံးက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ အကြမ်းဖက်မှုတွေကို ရှောင်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ကြဖို့ ပြောပါတယ်။ အလားလူ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso ကလည်း ပြဿနာကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG