သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ သူပုန်တွေကြား တပ်ပြန်ဆုတ်ရေး သဘောတူ


ရုရှားလိုလားတဲ့ ယူကရိန်းက ခွဲထွက်ရေးသူပုန်တွေ လက်နက်ကြီးတွေနဲ့အတူ ပြန်လည်ဆုတ်ခွာစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅)
ရုရှားလိုလားတဲ့ ယူကရိန်းက ခွဲထွက်ရေးသူပုန်တွေ လက်နက်ကြီးတွေနဲ့အတူ ပြန်လည်ဆုတ်ခွာစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅)

ယူကရိန်းအရှေ့ပိုင်း စစ်ဖြစ်နေတဲ့ဒေသက ယူကရိန်းတပ်ဖွဲ့ဝင်တွေကကော သူပုန်တွေကပါ သူတို့တပ်တွေ ပြန်ဆုတ်ခွာဖို့ သဘောတူညီမှုရခဲ့ပြီလို့ စစ်ဖက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး အကြိမ်ကြိမ်ပျက်ပြားနေတဲ့ကြားမှာ အခုလိုသဘောတူညီလိုက်တာဟာ အကောင်းလက္ခဏာဆောင်တယ်လို့လည်း ဆိုပါတယ်။

နောက်လာမယ့် ၂ ပတ်အတွင်း တပ်ဖွဲ့ဝင်တွေ လုံးဝဆုတ်ခွာပေးဖို့ ရုရှားလိုလားတဲ့သူပုန်တွေက လက်မှတ်ထိုးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်ဆုတ်ခွာမယ်လို့ သူပုန်တွေက အတည်ပြုပြောကြားကြောင်းလည်း သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်က မရေမရာဖြစ်နေတဲ့ အပစ်ရပ်စဲရေး သဘာတူညီချက်ရရှိပြီး ပထမဆုံးအနေနဲ့ သူပုန်တွေနဲ့ အစိုးရတပ်တွေ အကျဉ်းသား အပြန်အလှန် လဲလှယ်ပြီးနောက် အခုလို ဆုတ်ခွာဖို့ သဘောတူညီမှုရခဲ့တာပါ။

ယူကရိန်း တပ်ဖွဲ့ဝင် ၁၃၉ ယောက်နဲ့ သူပုန် ၅၂ ယောက်ကို Zholobok ရွာနားမှာ စနေနေ့က အပြန်အလှန် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီထဲမှာ မကြာသေးခင်က မီးရထားလမ်းဆုံမြို့ဖြစ်တဲ့ Debaltseve မြို့တိုက်ပွဲအတွင်း အဖမ်းခံထားရသူတွေလည်း ပါဝင်ကြောင်း သူပုန်တွေဘက်ကဆိုပါတယ်။ ကုလသမဂ္ဂ ကမကထပြုလုပ်ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် သူပုန်တွေဟာ ဒီမြို့ကိုသိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီအတောအတွင်း ယူကရိန်းသမ္မတဟောင်း ရာထူးက ဖြုတ်ချခံရတဲ့ တနှစ်ပြည့်အထိမ်းအမှတ်ကို ယူကရိန်းအရှေ့ပိုင်းက Kharkiv မှာ ဆန္ဒပြနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် လူတဦးသေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရသွားတယ်လို့ဒေသအာဏာပိုင်တွေနဲ့ သတင်းတွေမှာ ဒီကနေ့ ဖေါ်ပြကြပါတယ်ခင်ဗျာ။

XS
SM
MD
LG