သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား တောင်းဆိုမှု ယူကရိန်း ပယ်ချ


ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ

ယူကရိန်းစစ်ပွဲ အပစ်ရပ်ဖို့အတွက် ရုရှားသမ္မတ Vladimir Putin ဘက်က တောင်းဆိုတဲ့အချက်တွေကို အမေရိကန်၊ ယူကရိန်း၊ NATO မဟာမိတ်အဖွဲ့ကြီးက ပယ်ချလိုက်ပါတယ်။

ရုရှားတို့ လက်ရှိသိမ်းထားတဲ့ ယူကရိန်းဒေသတွေကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာထွက်သွားဖို့နဲ့ မြောက်အန္တလန်တိတ် မဟာမိတ်အဖွဲ့ NATO မှာ အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးပမ်းနေတာကိုပါ စွန့်လွှတ်မယ်ဆိုရင် ရုရှားက ထိုးစစ်ဆင်နေတာတွေ ရပ်မယ်လို့ ရုရှားသမ္မတပူတင်က ယူကရိန်း ငြိမ်းချမ်းရေး ညီလာခံမစခင် တရက်အလို မနေ့က ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောဆိုခဲ့တာပါ။

ပူတင်ရဲ့ တောင်းဆိုချက်ဟာ ရာဇသံပေါက်နေပြီး ယုံကြည်လို့ မရနိုင်ဘူးလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က မနေ့က ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။

“ရုရှားက သိမ်းထားတာရော၊ မသိမ်းရသေးတာရောပါတဲ့ ကျနော်တို့ပိုင် နယ်မြေတွေကို သူတို့ကို ပေးရမယ်လို့ ပူတင်က တောင်းဆိုနေတာပါ။ ကျနော်တို့နိုင်ငံရဲ့ ဒေသအတော်များများကို သူက တောင်းနေတာ။ ဒါကို သူရပ်မှာ မဟုတ်သလို၊ ပဋိပက္ခလည်း ရပ်မှာ မဟုတ်ပါဘူး။ သူ ပြောနေတာက လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်တုန်းက ဟစ်တလာနဲ့ တပုံစံတည်းပါပဲ။ Czechoslovakia နယ်မြေတချို့ကိုပေးရင် စစ်ပွဲတွေ အားလုံး ရပ်ပေးမယ်လို့ ဟစ်တလာ ပြောခဲ့ပြီး ကျူးကျော်ခဲ့သလို၊ အဲ့ဒီနောက် အလားတူ ပိုလန်ကို သိမ်း… ပိုလန်ကနေ ဥရောပ တခုလုံးအထိ ကျူးကျော်မှုတွေ စခဲ့တာ သမိုင်းဝင် လိမ်ညာခဲ့တာတွေ ရှိပါတယ်။” လို့ ယူကရိန်း သမ္မတက မနေ့က G7 ထိပ်သီး ဆွေးနွေးပွဲအပြီး အီတလီရုပ်သံ SkyTG24 နဲ့ သီးခြား တွေ့ဆုံမေးမြန်းချိန် ပြောသွားတာပါ။

ဒီနေ့မှာတော့ ဆွစ်ဇာလန်နိုင်ငံ Lucerne မြို့မှာ ယူကရိန်း ငြိမ်းချမ်းရေးအတွက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေပါတယ်။ ကမ္ဘာ့ဒေသစုံက နိုင်ငံခေါင်းဆောင်တွေ တက်ရောက်နေကြတဲ့ ထိပ်သီးဆွေးနွေးပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေး သမိုင်းကို ပုံဖော်နေတဲ့ ဆွေးနွေးပွဲလို့ ယူကရိန်းသမ္မတ Zelenskyy က ဖော်ပြပြောဆိုခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေကျင်းပတဲ့ ယူကရိန်းငြိမ်ချမ်းရေး ဆွေးနွေးပွဲကို ရုရှားနိုင်ငံကို ဖိတ်ကြားခြင်း မရှိပါဘူး။ တရုတ်နိုင်ငံကတော့ ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိပါဘူး။ နိုင်ငံပေါင်း ၅၀ ကျော်က အစိုးရခေါင်းဆောင်တွေ၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ က ကိုယ်စားလှယ်တွေ ရာနဲ့ချီ တက်ရောက်နေကြပြီး အမေရိကန်ကတော့ ဒုသမ္မတ Kamala Harris တက်ရောက်ပါတယ်။

ပူတင်ဟာ အိမ်နီးချင်းနိုင်ငံတွေကို သိမ်းပိုက်နယ်ချဲ့ဖို့ ကြိုးစားနေတာဖြစ်ပြီး ငြိမ်းချမ်းချင်ရင် ဘာလုပ်ဆိုတာမျိုး ယူကရိန်းကို အမိန့်ပေး ညွှန်ကြားခွင့် ပူတင်မှာ မရှိဘူးလို့ Belgium နိုင်ငံ Brussels မြို့မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ NATO ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ပြောကြားခဲ့ပါတယ်။ ယူကရိန်းအတွက် စစ်ရေးသင်တန်းတွေနဲ့ ရေရှည်လုံခြုံရေးဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်မယ့် အစီအစဥ်သစ်တရပ်ကိုလည်း NATO အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ သောကြာနေ့မှာ အတည်ပြုခဲ့ကြပါတယ်။

Forum

XS
SM
MD
LG