သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်အုပ်ချုပ်ရေးကြောင့် တင်းမာမှုတွေ ကြီးထွားလာနိုင်ကြောင်း ရုရှားသတိပေး


ယူကရိန်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တဲ့အတွက် ယူကရိန်းအရှေ့ပိုင်းမှာ ရန်လိုမှုတွေပိုဆိုးလာလိမ့်မယ်လို့ ရုရှားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ယူကရိန်းရေတပ်သင်္ဘော ၂ စီးနဲ့ဆွဲသင်္ဘောတစီးကို ရုရှားက ရေနယ်နိမိတ်ကျူးလွန်တယ်လို့ဆိုပြီး ပင်လယ်နက်ထဲမှာ ဖမ်းဆီးခဲ့ပြီးနောက် လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ ယူကရိန်းနိုင်ငံထဲက ဒေသ ၁၀ ခုမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တာပါတယ်။

ဗုဒ္ဓဟူးနေ့မှာ စတင်အသက်ဝင်မယ့် စစ်အုပ်ချုပ်ရေးက ရက်ပေါင်း ၃၀ အထိအကျုံးဝင်မှာဖြစ်ပါတယ်။ ရုရှားဖက်က ရန်လိုမှုတွေ တိုးလာချိန်မှာ ယူကရိန်းနိုင်ငံကာကွယ်ရေးအတွက် စစ်အုပ်ချုပ်ရေးလိုအပ်တယ်လို့ သမ္မတ Petro Poroshenko ကပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့တုန်းက ပင်လယ်နက်ထဲမှာ ယူကရိန်းရေတပ်သင်္ဘော ၂ စီးကို ရုရှားကပစ်ခတ်ခဲ့သလို ဆွဲသင်္ဘောကို ဝင်တိုက်ပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့ နေ့လည်ပိုင်းက အရေးပေါ် အစည်းအဝေးခေါ်ခဲ့ပါတယ်။ ယူကရိန်းအချုပ်အခြာကို လွန်လွန်ကျူးကျူး ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားပြီး ရုရှားကို အပြစ်တင်ခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့သင်္ဘောတွေနဲ့ သင်္ဘောသားတွေကို အပြန်ဆုံးချွင်းချက်မရှိပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစုက တောင်းဆိုခဲ့ကြပါတယ်။ နေတိုးအဖွဲ့အကြီးအကဲ Jens Stoltenberg ကလည်း ရုရှားလုပ်ရပ်အတွက် ဘာဆင်ခြေနဲ့မှ တရားမျှတအောင် လုပ်လို့မရဘုူးလို့ပြောပြီး သင်္ဘောတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

EU အကြီးအကဲ Donald Tusk ကလည်း ရုရှားဖက်က ပစ်ခတ်ခဲ့တာကို အပြစ်တင်ပြီး ယူကရိန်းနိုင်ငံဖက်က EU ရပ်တည်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခြေအနေတွေပိုဆိုးအောင် ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံက ထောက်ခံသူတွေက လုပ်နေတာလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်းသံတမန်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG