သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ရုရှားအပေါ် အီးယူဒဏ်ခတ်မှုစာရင်းထုတ်ပြန်


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov
ယူကရိန်းပဋိပက္ခမှာ ပါဝင်ပတ်သတ်မှုနဲ့ အခုနောက်ဆုံး အရေးယူပိတ်ဆို့လိုက်တဲ့ ရုရှားနိုင်ငံသား ၁၅ ဦးရဲ့ နာမည်တွေကို ဥရောပသမဂ္ဂက ထုတ်ပြန်လိုက်တဲ့အတွက် ဥရောပသမဂ္ဂဟာ ယူကရိန်းရဲ့ ပြည်တွင်းနိုင်ငံရေးကို လုံးဝနားမလည်ဘူးလို့ ရုရှားက စွပ်စွဲသွားပါတယ်။

ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ လက်သစ် နာဇီဝါဒီတွေ ဥပဒေမဲ့ ဆက်ပြီး ထကြွသောင်းကျန်းအောင် တိုက်ရိုက် ဖိတ်ခေါ်လိုက်တာပဲ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပဲ ပြောသွားပါတယ်။

ဥရောပသမဂ္ဂ ဒီကနေ့ ကြေညာသွားတဲ့ အရေးယူပိတ်ဆို့မှုအပြင် အမေရိကန် ပြည်ထောင်စုကလည်း ရုရှားအရာရှိ ၇ ဦးနဲ့ ကုမ္ပဏီ ၁၇ ခုအပေါ် ပြည်ဝင်ခွင့် ပိတ်ပင်တာနဲ့ သူတို့နိုင်ငံတွေထဲ ရောက်နေတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ ပြုလုပ်ပြီး ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။

အီးယူက အရေးယူတဲ့ စာရင်းထဲမှာတော့ ရုရှားဒုဝန်ကြီးချုပ် Dmitry Kozak နဲ့ ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Valery Gerasimov တို့ ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ အရာရှိ ၇ ဦးနဲ့ ကုမ္ပဏီ ၁၇ ခုထဲမှာတော့ Crimea ဒေသဆိုင်ရာ ရုရှားသမ္မတ Vladimir Putin ရဲ့ အထူးကိုယ်စားလှယ်၊ ပြီးတော့ ရုရှားသမ္မတကို အကာအကွယ်ပေးရေးဌာန အကြီးအကဲနဲ့ ရုရှားနိုင်ငံအစိုးရရဲ့ အကြီးဆုံး ရေနံကုမ္ပဏီအကြီးအကဲတို့ ပါဝင်ပါတယ်။

ရုရှားအစိုးရကတော့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဂျပန်နိုင်ငံကလည်း ရုရှားက ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထိပါးအောင်လုပ်ဆောင်လို့ ပြုလုပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တစိတ်တပိုင်းအဖြစ် ရုရှားနိုင်ငံသား ၂၃ ဦးကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မယ်လို့ အင်္ဂါနေ့ကပဲ ပြောသွားပါတယ်။ ဘယ်သူတွေ ထိသွားလဲဆိုတာတော့ ပြောမထားပါဘူး။
XS
SM
MD
LG