သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ရုရှားနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ အနောက်နိုင်ငံတွေပေါ် မူတည်


ရုရှားလိုလားသူတွေက သိမ်းထားတဲ့ အဆောက်အဦးရှေ့မှာ ရပ်နေကြစဉ်။ (ဧပြီ ၁၈၊ ၂၀၁၄)
ရုရှားလိုလားသူတွေက သိမ်းထားတဲ့ အဆောက်အဦးရှေ့မှာ ရပ်နေကြစဉ်။ (ဧပြီ ၁၈၊ ၂၀၁၄)
ယူကရိန်းနိုင်ငံကိစ္စကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးက စစ်အေးစစ်လွန်ကာလမှာ အဆိုးဆုံးဖြစ်နေတဲ့ အခြေအနေမှာ ဒီဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ဘာကမှ အတားအဆီး ဖြစ်မနေသင့်ဘူးလို့ ရုရှား သမ္မတ Vladimir Putin ကပြောလိုက်ပါတယ်။

ဒီလို ပုံမှန်ဆက်ဆံရေး ပြန်ရဖို့က ရုရှား တဖက်တည်းပါ်မှာ မူတည်နေတာ မဟုတ်ဘူးလို့ သမ္မတပူတင်က ဆိုပါတယ်။ သူ့အပြောအရ အနောက်နိုင်ငံတွေ ပေါ်မှာ မူတည်နေပါတယ်။ ဒီကနေ့ စနေနေ့မှာ ထုတ်လွှင့်ဖို့ရှိတဲ့ မေးမြန်းခန်းထဲမှာ ရုရှား သမ္မတက ခုလိုပြောကြားထားတာကို ရုရှား သတင်းဌာနတွေက သတင်းထုတ်ပြန်နေတာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့ရရှိထားတဲ့ သဘောတူညီချက်အတိုင်း မလိုက်နာဘူး၊ ဒါမှမဟုတ် ယူကရိန်းအရှေ့ပိုင်းနယ်စပ်ကနေ ရုရှားတပ်တွေ
မဖယ်ရှားဘူးဆိုရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ရုရှား ရင်ဆိုင်ရမယ်လို့ အမေရိကန်အစိုးရက သတိပေးထားပါတယ်။ ရုရှားဘက်က လိုက်နာ ဆောင်ရွက်သင့်တာတွေကို မလုပ်ဘူးဆိုရင် အမေရိကန်နဲ့ အမေရိကန်ရဲ့မဟာမိတ် ဥရောပ မဟာမိတ်တွေက ရုရှား အပေါ် နောက်ထပ်အရေးယူဖို့
အဆင်သင့်ပဲဆိုတာကို ရှင်းရှင်းပြောထားပြီးဖြစ်တယ်လို့ အိုဘားမားအစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Susan Rice က အိမ်ဖြူတော်မှာ
သတင်းထောက်တွေကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အစိုးရအဆောက်အဦးတွေကို ရုရှား လိုလားသူတွေ ဝင်ရောက်သိမ်းပိုက်နေတာမလုပ်အောင်နဲ့ သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေထဲက ဖယ်ရှားပေးဖို့ ရုရှားက သူ့ရဲ့ လွှမ်းမိုးမှုကို သုံးဖို့တာဝန်ရှိတယ်လို့ အမေရိကန်က ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Jen Psaki အစောပိုင်းက ပြောခဲ့တဲ့အတိုင်း အကြံပေးပုဂ္ဂိုလ် Susan Rice ကလည်း ထပ်ပြီးပြောပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားလိုလားတဲ့ လက်နက်ကိုင်ခေါင်းတောင် Denis Pushilin ကတော့ ရုရှား နဲ့ EU ၊ အမေရိကန်တို့ကြား ရရှိထားတဲ့ သဘောတူညီချက်ကို သူတို့လိုက်လုပ်စရာအကြောင်းမရှိဘဲ ယူကရိန်းအစိုးရ ဆင်းပေးဖို့ပဲလိုလားတယ်လို့ ပြောကြားထားပါတယ်။
XS
SM
MD
LG