သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုဓာတ်ပုံအရ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ ချထားဆဲ


ယူကရိန်းနိုင်ငံနဲ့ နယ်စပ်နားမှာ ရုရှားတပ်တွေ ရှိနေသေးတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အမေရိကန် နိုင်ငံခြားရေးဌာနကနေ အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။ တပ်အင်အား အမြောက်အများ ချထားတာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ရုရှားအစိုးရက အာမခံထားပြီးနောက်မှာ အခုလို ရုရှားတပ်တွေ ဆက်ရှိနေတဲ့ပုံတွေ ထုတ်ပြန်လိုက်တာပါ။

မေလ ၉ ရက်နေ့တုန်းက စီးပွားဖြစ်သုံး ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို နေတိုးအဖွဲ့ရဲ့ Twitter Account ပေါ်မှာလည်း ဖော်ပြခဲ့ပါတယ်။ ယူကရိန်းနဲ့ နယ်စပ်မြို့ဖြစ်တဲ့ Belgorad မြို့မှာ ရဟတ်ယာဉ်တွေ ရပ်ထားတဲ့ ပုံတွေကို မြင်ရပါတယ်။

Mariupol မြို့နားက နယ်စပ်ဘက်မှာ တနင်္ဂနွေနေ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံကတော့ အမေရိကန် တာဝန်ရှိသူတွေအပြောအရ ရုရှားသံချပ်ကာကားတွေ ဖြစ်ပါတယ်။ အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်း သံချပ်ကာ စစ်ကြောင်းကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၇ ယောက် သေဆုံးပြီး နောက်ထပ် ၇ ယောက် ဒဏ်ရာရသွားပါတယ်။

ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာကို ညှိနှိုင်းအဖြေရှာရေး တိုက်တွန်းဖို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယူကရိန်းနိုင်ငံကို ရောက်ရှိလာတဲ့နေ့မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားတာပါ။

အစိုးရအစီအစဉ်နဲ့ အခုသီတင်းပတ်ထဲ ယူကရိန်း တနိုင်ငံလုံးက နိုင်ငံရေးသမားတွေ လူထုအခြေပြု အဖွဲ့အစည်းတွေပါတဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကနေ မေလ ၂၅ ရက် ရွေးကောက်ပွဲမတိုင်ခင် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ လက်နက်စွန့်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ကြောင်း Kyiv မြို့တော်ကို ရောက်လာပြီးနောက်မှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ပြောကြားခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့ကျရင် ယူကရိန်းမှာ သမ္မတနဲ့ မြို့တော်ဝန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ ယူကရိန်းနိုင်ငံအတွက် အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က အီတလီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။
XS
SM
MD
LG