သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကြားဖြတ်အစိုးရနဲ့ ဆွေးနွေးဖို့ ရုရှားကို ကန်တိုက်တွန်း


ယူကရိန်းကြားဖြတ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ရုရှားနိုင်ငံကို အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံက စွပ်စွဲတဲ့အတိုင်း ယူကရိန်းနိုင်ငံက တိုင်းရင်းသား ရုရှားလူမျိုးတွေ တိုက်ခိုက်ခံရတယ်ဆိုတာ ဟုတ် မဟုတ် စစ်ဆေးဖို့အတွက် နိုင်ငံတကာ လေ့လာသူတွေ ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မော်စကိုမြို့တော်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့ပြီးတဲ့နောက် မစ္စတာ အိုဘားမားက ဝါရှင်တန်မြို့တော်မှာ အဲဒီလို ပြောခဲ့တာပါ။ ယူကရိန်းနိုင်ငံက ရုရှားလူမျိုးတွေကို အကာအကွယ်ပေးခွင့် ရှိတယ်ဆိုပြီး Crimean ကျွန်းဆွယ်မှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တဲ့အပေါ် ရုရှားသမ္မတက ပြီးခဲ့တဲ့သီတင်းပတ်မှာ ခုခံပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီက ယူကရိန်းစစ်တပ်ကို ပိတ်ဆို့တားဆီးထားတဲ့ သေနတ်သမားတွေဟာ ရုရှားစစ်သားတွေမဟုတ်ဘဲ ဒေသတွင်းက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ တပ်ဖွဲ့တွေဖြစ်တယ်လို့ သူက အခိုင်အမာပြောပါတယ်။

မစ္စတာပူတင်မှာ မတူကွဲပြားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေပြောတဲ့ မတူခြားနားတဲ့ ရှေ့နေတွေ ရှိနေပုံရတယ်လို့ ပြောသလို စစ်ရေးအရ ဝင်ပြီး စွက်ဖက်ဖို့ ရုရှားမှာ ဥပဒေနည်းလမ်းကျ အခွင့်အရေးမရှိဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားလုပ်ရပ်ဟာ ရန်လိုတဲ့လုပ်ရပ်လို့ ခေါ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြစ်တင် ရှုတ်ချလိုက်သလို ယူကရိန်းကို အမေရိကန်က စီးပွားရေးအရ အကူအညီပေးမယ်လို့လည်း ကတိပြုလိုက်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စု နိုင်ငံဟောင်းကို နောက်ထပ် ကျူးကျော်နိုင်ရေး အကြောင်းပြချက်တခုရဖို့ ရုရှားက လုပ်ဆောင်နေခဲ့တယ်ဆိုတာ ရှင်းပါတယ်လို့ Kyiv မြို့တော်မှာ ရောက်နေတဲ့ မစ္စတာကယ်ရီက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
XS
SM
MD
LG