သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဆွေးနွေးပွဲမှာ အရှေ့တောင်ပိုင်းအရေးပါဝင်ဖို့ ရုရှားလိုလား


ယူကရိန်းနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးတဲ့ထဲမှာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတွေအရေး ထည့်သွင်းဆွေးနွေးသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။ အဓိက ရုရှားဘာသာစကားပြောကြတဲ့ အဲဒီဒေသတွေအနေနဲ့ ဘက်ပေါင်းစုံဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရတာ မြင်ချင်တယ်လို့ မစ္စတာ Lavrov က မော်စကိုမြို့တော်မှာ ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောသွားပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာချထားတဲ့ လုံခြုံရေးတပ်တွေကို
ပြန်မရုပ်သိမ်းရင် ပြည်တွင်းစစ်ဖြစ်မယ့် အန္တရာယ်ရှိတယ်လို့လည်း ရုရှားက သတိပေးထားပါတယ်။ သူတို့အခေါ် စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ဘဝတွေကို ခြိမ်းခြောက်နေတယ်လို့ မော်စကိုမြို့တော်က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတာပါ။

သူတို့ရဲ့ လုပ်ရပ်တွေဟာ ပြည်တွင်းစစ်ဖြစ်စေမယ့် အကြောင်းတွေနဲ့ အပြည့်ပဲလို့လည်း ပြောပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာတော့ NATO ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ရဲ့ အကြီးအကဲ Anders Fogh Rasmussen က ယူကရိန်းကိစ္စမှာ ရုရှားတွေ ဝင်စွက်ဖက်ရင် ရုရှားကို ကမ္ဘာကြီးနဲ့ ပိုဝေးသွားစေမယ့် သမိုင်းဝင်အမှားကြီးကို ကျူးလွန်ရာ ရောက်သွားမယ်လို့ သတိပေးသွားပါတယ်။

ရုရှားလိုလားတဲ့ဆန္ဒပြသူတွေ Kharkiv မြို့က အစိုးရအဆောက်အဦးကို ဝင်စီးထားတာကို ယူကရိန်းလုံခြုံရေးတပ်တွေက အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးလုပ်ပြီး ဆန္ဒပြသူ အယောက် ၇၀ ကို ဖမ်းဆီးထားတယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။

ယူကရိန်းနိုင်ငံက Kharkiv, Donetsk, နဲ့ Luhansk မြို့တွေမှာ ရုရှားလိုလားတဲ့ ဆန္ဒပြသူတွေက အဆောက်အဦးတွေကို တနင်္ဂနွေနေ့မှာ ဝင်ရောက်စီးနင်းလိုက်တာပါ။ သူတို့က Crimea ဒေသမှာ အရင်လက လုပ်သွားသလို ယူကရိန်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုနေကြတာပါ။

ဆန္ဒပြသူတချို့ဟာ ဒေသခံတွေ မဟုတ်ဘဲ တခြားနေရာကနေလာပြီး ပြဿနာစဖို့ ပိုက်ဆံပေးခိုင်းထားသူတွေဖြစ်တယ်ဆိုတာ သက်သေအထောက်အထားရှိ တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ သူ့အဆို ခွဲထွက်ရေးဝါဒီတွေနဲ့ ပြဿဿ နာသူတွေကို ရုရှားအစိုးရက အသိအမှတ်မပြုဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို ဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG