သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကန် လက်နက်ပံ့ပိုးမှု ရုရှားဝေဖန်


ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov
ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov

ယူကရိန်းနိုင်ငံအတွက် လိုအပ်နေတဲ့ လက်နက်တွေကို အမေရိကန်က ပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သမ္မတ Donald Trump ကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတက Petro Poroshenko က ပြောကြားလိုက်ပါတယ်။ ရုရှားတွေကတေ့ာ အခုဆုံးဖြတ်ချက်ကြောင့် ထိခိုက်သေကြေမှုတွေ ပိုရှိလာလိမ့်မယ်ဆိုပြီး သတိပေးထားပါတယ်။

ရုရှားတွေ ပံ့ပိုးပေးထားတဲ့ ယူကရိန်းခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် လက်နက်အကူအညီတွေ ပေးသွားမယ်လို့ အမေရိကန်က ကြေညာလိုက်ပြီးတဲ့နောက်တနေ့မှာ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အမျက်ဒေါသထွက်ပြီး သတိပေးခဲ့တာပါ။ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်ထားတဲ့ အမေရိကန်လက်နက်တွေဟာ တိုက်ခိုက်ဖို့ သက်သက်အတွက်သာမဟုတ်ဘဲ ကျူးကျော်လာသူတွေကို ရင်ဆိုင်ဖို့နဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ လူထုကို ကာကွယ်ဖို့အတွက်ဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်ရန်စမှုတွေကို တုံ့ပြန်သွားဖို့ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko က facebook မှာ ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ယူကရိန်းအနေနဲ့ ရေရှည်ကာကွယ်ရေးလုပ်ငန်းတွေ ပိုအင်အားကောင်းမွန်လာစေဖို့နဲ့ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေကို ကာကွယ်ဖို့ အခုလို ကူညီဖို့ ဆုံးဖြတ်ခဲ့တာလို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒီလို လက်နက် အထောက်အပံ့ပေးတာဟာ ခုခံကာကွယ်ဖို့အတွက်သာဖြစ်တယ်လို့လည်း ဆိုပါတယ်။ဒေါ်လာ ၄၇ သန်းတန် လက်နက်ပံ့ပိုးရေးအစီအစဉ်ထဲမှာ တင့်ကားဖျက် ဒုံးကျည် ၂၁၀ နဲ့ ဒုံးပစ်စင် ၃၅ ခုရောင်းချဖို့လည်း ပါဝင်တယ်လို့ ABC ရုပ်မြင်သံကြားက ပြောကြားထားပါတယ်။ နိုင်ငံခြားရေးဌာနကတော့ ဒီအရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြုပြောကြားတာမျိုး မရှိပါဘူး။

သမ္မတ ထရမ့်က ရုရှားနဲ့ ဆက်ဆံရေး ပြေလည်ချင်နေပေမယ့်လည်း အခုအစီအစဉ်ကြောင့် အခြေအနေတွေ တင်းမာသွားနိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ၂ နိုင်ငံကြား ဆက်ဆံရေးနွေးထွေးလာစေဖို့အတွက် အကြီးမားဆုံး အဟန့်အတားကတော့ ယူကရိန်းအရေးပဲ ဖြစ်တယ်လို့ အခုလ အစောပိုင်းက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG