သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီနိုင်ငံမှာ ကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ


ယူကရိန်းနိုင်ငံအတွင်းက ရုရှားစစ်ပွဲတန်ပြန်ခုခံစစ်
ယူကရိန်းနိုင်ငံအတွင်းက ရုရှားစစ်ပွဲတန်ပြန်ခုခံစစ်

ဆော်ဒီနိုင်ငံမှာ ကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ယူကရိန်းကရုရှားစစ်ပွဲကို အဆုံးသတ်စေဖို့နည်းလမ်းရှာတဲ့အနေနဲ့ ယူကရိန်းကစီစဉ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတရပ်ကို ဆော်ဒီအာရေဗီးယားမှာ လာမယ့် ဩဂုတ်လ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

အစည်းအဝေးမှာတော့ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိက စတဲ့နိုင်ငံပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အနောက်နိုင်ငံတွေကတာဝန်ရှိသူတွေလည်း တက်ရောက်ဖို့ရှိတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတွေလည်း ပါဝင်မယ်လို့ အေပီသတင်းမှာရေးပါတယ်။

ယူကရိန်းကလိုလားတဲ့ ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်တွေကို နိုင်ငံတကာကထောက်ခံပေးမယ့် ထိပ်သီးအစည်းအဝေးဖြစ်လာနိုင်ဖို့မျှော်လင့်တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဆော်ဒီကို ကြာသာပတေးနေ့မှာ ရောက်ရှိခဲ့ပြီးနောက်ပိုင်း အခုလို ဆွေးနွေးပွဲသတင်း ဖြစ်လာတာပါ။ The Wall Street သတင်းစာက ဒီ သတင်းကို ဦီးဆုံးဖော်ပြခဲ့တာပါ။

အခု ယူကရိန်းကို ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ အာရပ်တိုင်းပြည်တွေက ယေဘုယျသဘောဆိုရင် ကြားနေကြပါတယ်။ အာရပ်တိုင်းပြည်တွေဟာ တဖက်မှာ ရုရှားနဲ့လည်း စစ်ရေး၊ စီးပွားရေးအဆက်အဆံတွေ ရှိကြတာကြောင့်ပါ။ ဆော်ဒီရော ရုရှားနိုင်ငံဟာ OPEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြသလို နီးနီးကပ်ကပ်ဆက်ဆံရေးလည်း ရှိကြပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းအားဖြင့် ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Sal man ရဲ့ ပုံရိပ်ကိုလည်း မြှင့်တင်ပေးတဲ့သဘောဖြစ်လာတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားဟာ အီရန်နဲ့ ဆက်ဆံရေးမှာလည်း တိုးတက် ကောင်းမွန်အောင်ကြိုးစားနေပြီး ယီမန်ငြိမ်းချမ်းရေးအစီအစဉ်အတွက်လည်း တွန်းအားပေးနေတာပါ။

ဒါပေမဲ့လည်း OPEC ရေနံထုတ်လုပ်မှု လျှော့ချပြီးတဲ့နောက်ပိုင်းကတည်းက ဆော်ဒီနဲ့ အမေရိကန်ကြားဆက်ဆံရေးဟာ တင်းတင်းမာမာရှိနေတုန်းပါ။ ယူကရိန်းကို ရုရှားတိုက်ခိုက်မှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံက ဆော်ဒီသံရုံးမှာ ၂၀၁၈ ခုနှစ်က Washington Post ဆောင်းပါးရှင် Jamel Khashoggi အသတ်ခံရမှုမှာ ဆော်ဒီ အိမ်ရှေ့မင်းသား နောက်ကွက်က ပါဝင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်ထားတာပါ။

တချိန်တည်းမှာတော့ ရုရှားမှာ နှစ်ရက်ကြာကျင်းပတဲ့ ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေးဟာ ယူကရိန်းကောက်နှံတွေ ပင်လက်နက်ကနေ ဖြတ်သန်းခွင့် သဘောတူညီချက်ပြန်ရဖို့ တစုံတရာအဖြေမထွက်ပဲ ပြီးဆုံးသွားပါတယ်။ ဒီသဘောတူညီချက်ပျက်ပြီးနောက် ကောက်နှံဈေးတွေ ကမ္ဘာမှာ ထိုးတက်ခဲ့ပြီး ဆင်းရဲတဲ့အာဖရိကတိုင်းပြည်တွေအဖို့ စိုးရိမ်စရာဖြစ်ခဲ့ရတာပါ။

ဒါပေမဲ့ ဒီလို ကောက်နှံဈေးတွေတက်လို့ ရလာတဲ့အကျိုးအမြတ်တွေကို အာဖရိကနဲ့ ဆင်းရဲတဲ့တိုင်းပြည်တွေကို မျှဝေပေးပါ့မယ်လို့ ရုရှားသမ္မတပူတင်က St-Petersbrug မှာလုပ်တဲ့ အဲဒီ ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနည်းတူ ကမ္ဘာကောက်နှံတင်ပို့မှု အဓိက တိုင်းပြည်တခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG