သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းခွဲထွက်ရေး ဆန္ဒခံယူမှု ရွှေ့ဆိုင်းဖို့ ရုရှားသမ္မတတောင်းဆို


ယူကရိန်းနိုင်ငံကနေ ခွဲထွက်ပြီး ရုရှားနဲ့ပေါင်းဖို့အတွက် တနင်္ဂနွေနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားလိုလားသူတွေအနေနဲ့ သူတို့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းထားဖို့ ရုရှားသမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ မေလ ၂၅ ရက်နေ့ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲကို ရုရှားတို့ဘက်က အစောပိုင်းမှာ ပြစ်တင် ပြောဆိုမှုတွေ လုပ်ခဲ့ပေမဲ့ အဲဒီအစီအစဉ်ဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်တဲ့လုပ်ရပ်ဖြစ်ကြောင်း သမ္မတ ပူတင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် တရားဝင် ပြောကြားလိုက်ပါတယ်။

ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - OSCE က ကိုယ်စားလှယ်တွေနဲ့ မော်စကိုမြို့မှာ တွေ့ဆုံစဉ် သမ္မတ ပူတင်က အခုလို အံ့အားသင့်ဖွယ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ခွဲထွက်ရေးခေါင်းဆောင် Denis Pushilin ကတော့ သမ္မတ ပူတင်ရဲ့ အဲဒီလို အကြံပေး ပြောဆိုမှုအပေါ် သူ့ကို ထောက်ခံသူတွေနဲ့ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် စည်းဝေးပွဲအတွင်း ထည့်သွင်း ဆွေးနွေးသွားမယ်လို့ Reuters သတင်းဌာနကို ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ အလုံးအရင်းနဲ့ ရောက်နေတဲ့ ရုရှားတပ်ဖွဲ့တွေဟာလည်း ရှေ့တိုးမယ့် အစီအစဉ်ကနေ ပြောင်းလဲကာ နောက်ဆုတ်ထားပြီး ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ နေတိုးတပ်ဖွဲ့တွေကတော့ ရုရှားတပ်ဖွဲ့တွေ ရုတ်တရက် ဆုတ်ခွာသွားတဲ့ အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း တင့်ကားတွေ အပါအဝင် ရုရှားတပ်ဖွဲ့အင်အား ၄ သောင်းလောက် ယူကရိန်းနယ်စပ်မှာ ရောက်နေတယ် လို့ နေတိုးနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့က ခန့်မှန်း ပြောဆိုနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG