သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလိုလားသူတွေအပေါ် ယူကရိန်းတပ်တွေ ထိုးစစ်ဆင်


ယူကရိန်းသမ္မတ Petro Poroshenko
ယူကရိန်းသမ္မတ Petro Poroshenko

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအပေါ် စစ်ဆင်ရေးသစ်တခုကို ယူကရိန်းအစိုးရက အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ ယူကရိန်းအစိုးရဘက်က တဖက်သတ် အပစ်အခတ်ရပ်ဆဲထားတဲ့ အချိန်ကျော်သွားပြီး နာရီပိုင်းအကြာမှာပဲ စစ်ဆင်ရေး စတင်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ နယ်စပ်နားက သူပုန်တွေ သိမ်းပိုက်ထားတဲ့ စစ်ဆေးရေးဂိတ်တခုကို အစိုးရတပ်တွေဘက်က ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။ Dolzhanskyi စစ်ဆေးရေးဂိတ်ကို ပြန်လည် သိမ်းယူနိုင်ခဲ့တာဟာ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးအတွက် ပထမ အောင်နိုင်မှုဖြစ်တယ်လို့ သမ္မတ Petro Poroshenko က သူ့ရဲ့တပ်တွေကို ဂုဏ်ပြုစကား ပြောခဲ့ကြောင်း သမ္မတရုံးက ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ခိုက်နေကြတဲ့သူတွေကို ရုရှားက လက်နက် တပ်ဆင်ပေးနေတယ်လို့ အမေရိကန်နဲ့ သူ့ရဲ့ ဥရောပ မဟာမိတ်တွေက စွပ်စွဲနေချိန်မှာ ရုရှားသမ္မတ Vladimir Putin ကတော့ ပြန်လည်စတင်တဲ့ တိုက်ခိုက်မှုတွေအတွက် ယူကရိန်းသမ္မတ Poroshenk ကို အပြစ်တင်ခဲ့ပါတယ်။

ရုရှားလူမျိုးတွေ၊ ရုရှားနဲ့ တနယ်တည်းသားတွေရဲ့ အခွင့်အရေးကို တတ်နိုင်တဲ့နည်း အားလုံးသုံးပြီး ဆက်လက် ကာကွယ်သွားမယ်လို့ မော်စကိုမြို့တော်မှာ သံအမတ်ကြီးတွေ အမြဲတမ်း ကိုယ်စားလှယ်တွေကို သမ္မတ ပူတင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းကမြို့တွေနဲ့ အခြေချနေထိုင်တဲ့ နေရာတွေအပေါ် ယူကရိန်းတပ်တွေက ပုံမှန် ပစ်ခတ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးရတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အင်္ဂါနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG