ရုရှားစကားပြောတဲ့ အရှေ့ယူကရိန်းက အရပ်သားတွေအတွက် တန်ချိန်ရာချီတဲ့ အကူအညီပစ္စည်းတွေ တင်ဆောင်လာတာလို့ ရုရှားတို့ဆိုတဲ့ Truck ကား အစီး ၃၀၀ နီးပါးပါတဲ့ ယာဉ်တန်းတခုဟာ မော်စကိုကနေ ယူကရိန်းနယ်စပ်ဆီ ဦးတည်သွားနေပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က အရင်စစ်ဆေးပြီးမှ ပစ္စည်းတွေကို ယူကရိန်းနိုင်ငံထဲ ယူလာခွင့်ပေးမယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။ ကြက်ခြေနီအဖွဲ့ကလည်း သူတို့နဲ့ ရုရှားအာဏာပိုင်တွေကြား အကူအညီတွေပေးမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် အဆက်အသွယ် မရှိသလို ဘာတွေပါလာသလဲဆိုတဲ့ အချက်အလက်တွေကို စောင့်နေတယ်လို့ ပြောပါတယ်။
ယာဉ်တန်းကြီးအနေနဲ့ မိုင် ၄၆၀ ကျော်တဲ့ ခရီးကို ဘယ်တော့အဆုံးသတ်မလဲ နယ်စပ်ရောက်တဲ့အခါ ဘာဖြစ်မှာလဲဆိုတာကလည်း အင်္ဂါနေ့ ညဘက်ရောက်တဲ့အထိ ရှင်းရှင်း မသိရသေးပါဘူး။ ရုရှား Truck ကားပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေကို နယ်စပ်မှာ ကြက်ခြေနီအဖွဲ့က ကားတွေဆီ ပြောင်းပေးလို့ ရတယ်လို့ Kyiv မှာရှိတဲ့ အာဏာပိုင်တွေက ပြောပါတယ်။