သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ ပစ်ခတ်မှုတွေ ပြန်ဖြစ်


Mariupol မြို့အစွန်မှာ အမြောက်ထိမှန်ပျက်စီးသွားတဲ့ လူနေအိမ်တလုံး။ (စက်တင်ဘာ ၇၊ ၂၀၁၄)
Mariupol မြို့အစွန်မှာ အမြောက်ထိမှန်ပျက်စီးသွားတဲ့ လူနေအိမ်တလုံး။ (စက်တင်ဘာ ၇၊ ၂၀၁၄)

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသက လေဆိပ်နားမှာ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ဒီကနေ့ တနင်္ဂနွေနေ့မှာကြားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါ့ကြောင့်သူပုန်တွေနဲ့ ယူကရိန်းအစိုးရကြား သောကြာနေ့က လက်မှတ်ရေးထိုးထားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပြိုပျက်လုနီး အခြေအနေရောက်နေပြီလားဆိုပြီး ပိုစိုးရိမ်စရာ ဖြစ်နေပါတယ်။

သူပုန်တွေက လေဆိပ်ကိုတိုက်ခိုက်ဖို့ လုပ်ဆောင်နေကြပုံရတယ်လို့ Kyiv မြို့တော်က နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရသူက ဆိုပါတယ်။ ဒီလေဆိပ်က မေလကတည်းက အစိုးရတပ်တွေရဲ့လက်အောက်မှာ ရောက်နေတာပါ။ ဒီအတောအတွင်းမှာပဲ Mariupol ဆိပ်ကမ်းမြို့မှာ ညဖက်မှာ လက်နက်ကြီးတွေနဲ့ ပြန်ပြီး စတင်ပစ်ခတ်ခဲ့လို့ အမျိုးသမီးတဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားပါတယ်။ ဒါဟာ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် အရပ်သား သေဆုံးရတာ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရ၊ ခွဲထွက်ရေးကြိုးပမ်းတဲ့ အင်အားစုနဲ့ ရုရှားအစိုးရ ပြီးတော့ OSCE ဥရောပလုံခြုံရေးနဲ့ ပုးပေါင်းဆောင်ရွတ်ရေး အဖွဲ့ရဲ့ကိုယ်စားလှယ်တွေ Belarus နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို သဘောတူထားတာဖြစ်ပါတယ်။ စနေနေ့ကတော့ အပစ်အခတ်ရပ်စဲရေးကို ၂ ဖက်လုံး လိုက်နာနေကြတုန်းပဲ ဆိုတာကို ရုရှားသမ္မတ Vladimir Putin နဲ့ ဖုံးစကားပြော အတည်ပြုခဲ့တယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောပါတယ်။

ရုရှားအစိုးရက ခွဲထွက်ရေးသူပုန်တွေ တိုက်ရိုက်ကူညီနေတယ်လို့ ယူကရိန်းနဲ့ NATO ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က ပြောပါတယ်။ မစ္စတာ Putin ရဲ့ အခုလုပ်ရပ်ဟာ အန္တရာယ်ကြီးပြီး တာဝန်မဲ့တယ်လို့ Georgia နိုင်ငံကို ရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဒီကနေ့ပဲ ပြောသွားပါတယ်။

Amnesty International လူ့အခွင့်အရေးအဖွဲ့ကတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အခြေအနေက အန္တရာယ်သိပ်ကြီးနေဆဲပဲလို့ ပြောပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့သူတွေ အားလုံး စစ်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို ဖောက်ဖျက်နေတာကို ရပ်ပစ်ကြဖို့ ဒီကနေ့ပဲ ပြောသွားပါတယ်။ ဒီပဋိပက္ခမှာ ပါဝင်နေသူအားလုံးဟာ အရပ်သားတွေရဲ့ အသက်ကို ပဓာနမထားပဲ နိုင်ငံတကာကျင့်ထုံးတွေကို ပြောပြောင်ပဲ ချိုးဖောက်နေတယ်လို့ Amnesty အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Salil Shetty က ပြောပါတယ်။

XS
SM
MD
LG